
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မတ် ၁၉ ရက်ကနေ ၂၀ ရက်အထိ စစ်ကောင်စီစစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး ဒေသခံပြည်သူ ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူမြို့နယ်အခြေစိုက် ရဲတပ်ရင်း ၃၂ ကနေ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းကို မတ် ၁၉ ရက် ညပိုင်းကနေ မတ် ၂၀ ရက်အထိ အာရက္ခတပ်တော် (AA) က နှမ်းဖဲတောင်နားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံး ဒဏ်ရာရရှိခဲ့ပေမဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ AA နဲ့ နီးစပ်သူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းဌာနာချုပ်နားက စည်မော်ရွာနားမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး AA ဘက်က အသာစီးရထားတယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်နေလို့ ကျောက်ဖြူဒေသခံ အရပ်သားပြည်သူ ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။