Home
မြန်မာသတင်း
လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ဒေသခံများ ထွက်ပြေးနေရ
DVB
·
March 19, 2025
photo:NN
photo:NN

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအနီးဝန်းကျင်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ် ၁၇ ရက်က လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း ရိုးမတောအနီးက ချင်းလယ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ် PDF၊ အာရက္ခတပ်တော် (AA) တို့နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “စကစ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာလို့ သိရတယ်။ စကစတပ်က အဲဒီနေရာအနီးမှာ မကြာခဏ စစ်ကြောင်းထိုးနေတာ။ အခုက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တဲ့အသံ ကြားနေရတာ” လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် လေးမျက်နှာမြို့နယ် ရိုးမတောအနီးမှာရှိတဲ့ ဝတ်ကုန်း၊ လဲခုံကြီး၊ လဲခုံလေး၊ ရှားတောစု၊ စန်းကုန်း စတဲ့ရွာတွေက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘူး။ စစ်တပ်ဘက်ကတော့ တပ်ကူတွေလွှတ်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ပုသိမ်-မုံရွာ ကားလမ်းတလျှောက် စစ်ကောင်စီတပ်က အင်အားဖြည့်ထားပြီး အမျိုးသားတွေ ဆိုင်ကယ် ၂ ယောက်မစီးဖို့အထိ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကစပြီး ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး လက်ရှိမှာ လေးမျက်နှာမြို့ နယ်ထဲမှာပါ တိုက်ပွဲတွေ ဖြစ်ပွားလာတာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013