
စစ်ကိုင်းတိုင်း၊ မြောင်မြို့ရဲ့ အနီးနားကျေးရွာတွေပေါ်ကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူ ၄ ယောက် သေဆုံးတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မတ် ၁၉ ရက် ညနေပိုင်းမှာ မြောင်မြို့ပေါ်စစ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြောင်မြို့တောင်ဘက် လှေတင်ဦးရွာက ပြည်သူအမျိုးသားတယောက်နဲ့ မြောင်မြို့မြောက်ဘက် ကျည်ကုန်းရွာက အမျိုးသားတယောက် သေဆုံးခဲ့သလို စက်တပ်လေထီးနဲ့ ထပ်မံ ဗုံးကြဲတာကြောင့် မြို့ပေါ်က ပြည်သူ ၂ ယောက် ထပ်မံသေဆုံးတယ်လို့ သိရပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ခေါင်းဆောင် ကိုနွေဦးက “စစ်ကောင်စီရဲ့ မြို့ပေါ်ကကင်းကို ပစ်တာ။ ကင်းသမားတွေက စခန်းထဲဝင်ပြေးတော့ အထဲထိလိုက်ပစ်တာကို စခန်းလာသိမ်းတယ်ထင်ပြီး အခုလောက်ထိ ကြီးသွားတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိသူတွေလည်းရှိပြီး နေအိမ် ၂ လုံးလည်း မီးလောင်ဆုံးရှုံးကာ မတ် ၂၀ ရက် မနက်ပိုင်းမှာတော့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သလို စက်တပ်လေထီးတွေနဲ့လည်း ဝဲပျံကာ ဗုံးကြဲဖို့ ပစ်မှတ်ရှာတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၄ ရက်ကလည်း စစ်ဘေးရှောင်တွေ အများစုနေထိုင်တဲ့ မြောင်နယ်၊ ပန်းညိုရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က မီးရှို့ခဲ့သေးတာကြောင့် နေအိမ်အလုံး ၅၀ လောက် မီးလောင်ပျက်စီးခဲ့သလို မြေတော်ရွာကိုလည်း ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ကိုနွေဦးက ပြောပါတယ်။
မြောင်မြို့ အနီးနားရွာတွေက ပြည်သူတွေအနေနဲ့ စက်တပ်လေထီးနဲ့ လက်နက်ကြီးအန္တရာယ်၊ စစ်ကြောင်းထိုးဝင်ရောက်တဲ့ အန္တရာယ်တွေက ကင်းဝေးဖို့ ရှောင်တိမ်းနေကြဖို့ လိုတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးနေကြပါတယ်။