Home
မြန်မာသတင်း
မတ္တရာမြို့နယ် ဘိုကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
March 20, 2025

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်း ဘိုကုန်းရွာကို မတ် ၁၉ ရက် မနက် ၁၁ နာရီလောက်မှာ စစ်တပ်က လေကြောင်းရော၊ မြေပြင်အထိုင်တပ်ကပါ လက်နက်ကြီးတွေနဲ့ ဗုံးကြဲ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာဒေသခံ ကိုတိုးကြီးက “လေကြောင်းကတော့ ဂျက်ဖိုက်တာနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်း၊ ဘိုကုန်း၊ မြောင်းသစ်လေးနဲ့ အောင်သာယာကုန်း ဝန်းကျင်တို့ကို ဗုံးသီးချ တိုက်ခိုက်တာဗျ။ အဓိကပစ်မှတ်ကတော့ ဘိုကုန်းရွာကို ပစ်တယ်။ မြေပြင် အထိုင်စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်ဗျ။ လူအထိအခိုက်တော့ ဘာမှမရှိဘူးဗျ။ လူတွေကတော့ ရွာထဲမနေကြတာ ၂ လအထိ ရှိနေပြီဗျ။ အိမ်တွေကတော့ ပျက်စီးနိုင်ပါတယ်ဗျ။ သူတို့က အဆက်မပြတ်ပစ်ခတ်နေလို့ ကျေးရွာအတွင်း မဝင်ရဲသေးဘူး။ အဲလိုမဝင်ရဲသေးတော့ မြေပြင်ပျက်စီးတာကိုတော့ အတိအကျ မှတ်တမ်းယူလို့ မရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်တပ်က အခုလိုပြုလုပ်နေတာဟာ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ဘက်က တိုက်ပွဲဖြစ်ပွားရာဘက်ကို စစ်ကူနိုင်ဖို့၊ စစ်ကြောင်းထိုးဖို့ လမ်းကြောင်းရှင်းနေတာ ဖြစ်နိုင်တယ်လို့ မတ္တရာပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့စခန်းတွေ တိုက်ခိုက်ခံရမှာ ကြောက်လို့ ရမ်းသန်းပစ်ခတ်တာ ဆိုရင်လည်း ကျနော်တို့ဘက်က တိုက်ပွဲဖော်ဆောင်တဲ့ အစီအစဉ်လည်း မရှိဘူးဆိုတာ သူတို့ သတင်းရလိမ့်မယ်ထင်ပါတယ်။ အခုဟာက အသားလွတ်ကြီး လုပ်တာဆိုတော့ စဉ့်ကူး၊ သပိတ်ကျင်းဘက်ကို စစ်ကူသွားဖို့ လမ်းကြောင်းရှင်းတာဖြစ်ဖို့ သေချာတယ်။”

မတ္တရာမြို့အတွင်း စစ်တပ်က ဧရာဝတီမြစ်ကမ်းဘေး စစ်ကိုင်း၊ ဝက်လက်မြို့နယ်အစပ်က ကျေးရွာတွေနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကို လက်နက်ကြီးအပါအဝင် လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာထွက် ပြေးနေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013