
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်လက်ထက်မှာ သမ္မတရဲ့ အုပ်ချုပ်ရေးအာဏာဟာ ဘုရင်တပါးလို အဆုံးအစမဲ့ ကျယ်ပြန့်လာတော့မလားဆိုတဲ့ စိုးရိမ်မူတွေ တိုးလာနေပါတယ်။
ဒေါ်နယ်ထရမ့်ပ်ဟာ သမ္မတရာထူးအာဏာကို အခြေခံဥပဒေပါ မူရင်းမျှော်မှန်းချက်အတိုင်း ပြန်အသက်သွင်းဖို့ ထင်ရှားတဲ့ ကွန်ဆာဗေးတစ်ဥပဒေ သီအိုရီတခုကို အသုံးချနေပါတယ်။
“သမ္မတ တယောက်အနေနဲ့ ကျုပ်လုပ်ချင်တာ လုပ်ခွင့်ရှိတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
ဒီအထဲမှာ ပြည်ထောင်စုအစိုးရဝန်ထမ်း ထောင်သောင်းချီ ရာထူးကဖယ်ရှားတာ၊ အေဂျင်စီတခုလုံး ဖျက်သိမ်းတာ၊ လွတ်လပ်တဲ့ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီအဖြစ် ဖန်တီးခဲ့တဲ့ အဖွဲ့အစည်းတွေကိုပါ သမ္မတရဲ့ ကြီးကြပ်မှုအောက် သွပ်သွင်းတာတွေ ပါဝင်ပါတယ်။ အခုဆိုရင် ပညာရေးဝန်ကြီးဌာနလို ကက်ဘိနက်အဆင့် ဌာနကြီးတခုလုံးပါ ပိတ်သိမ်းဖို့ ကြိုးစားလာတာ တွေ့လာရပါတယ်။
“ကျုပ်က ကျောင်းတွေကို ပြည်နယ်တွေဆီ ပြန်ပေးချင်တယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ၊ ကျုပ် အကြိမ်ရာချီပြီး ပြောခဲ့တယ်။ ကျုပ်တို့က အဆင့်က အောက်ဆုံးရောက်နေတယ်။ ဒါပေမဲ့ ပိုက်ဆံတွေ ပိုသုံးနေတာပဲ။ သင်တန်းတွေတက်ကြတဲ့အထဲမှာ ကျုပ်တို့က နံပါတ်တစ်ပဲ။ ပညာရေးအဆင့်အတန်းကျ အဆင့်က အောက်ဆုံးဖြစ်နေတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
တိုင်းပြည် ဘယ်လိုလည်ပတ်နေသလဲဆိုတဲ့ အပေါ်မှာပါ အခြေခံကျကျ ပြောင်းလဲသွားနိုင်လောက်အောင် အစွန်းရောက် ပြင်းထန်လွန်းတယ်လို့ ဝေဖန်မှုတွေရှိနေတဲ့ သမ္မတရဲ့ အုပ်ချုပ်ရေးအာဏာ ဒီလောက်ထိ ကျယ်ပြန့်လာတဲ့ကိစ္စမှာ ဆုံးဖြတ်ဖို့ရာ တရားရုံးချုပ်က အဓိက ကျလာနိုင်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တကိုယ်တော်အုပ်ချုပ်ရေးအာဏာ သီအိုရီ
သမ္မတထရမ့်ပ်ရဲ့ အဲဒီ အုပ်ချုပ်ရေးဆောင်ရွက်ချက်တွေအတွက် ဥပဒေရေးရာ အကြောင်းပြချက် ကတော့ “Unitary Executive Theory” ပဲ ဖြစ်ပါတယ်။ တကိုယ်တော် အုပ်ချုပ်ရေးအာဏာ သီအိုရီလို့ အနီးစပ်ဆုံး ဘာသာပြန်ဆိုနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန် အခြေခံဥပဒေရဲ့ ပုဒ်မ ၂ မှာ
“အုပ်ချုပ်ရေးအာဏာကို အမေရိကန်ပြည်ထောင်စု၏ သမ္မတတဦးကို အပ်နှင်းရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။ အုပ်ချုပ်ရေးအာဏာအားလုံး သမ္မတ တယောက်တည်းမှာ ရှိတယ်လို့ ပြည်ထောင်စုတည်ထောင်သူတွေက အတိအလင်း ဖော်ပြခဲ့တာဖြစ်တယ်လို့ ဒီသီအိုရီကို ထောက်ခံသူတွေက ဆိုကြပါတယ်။
“ခင်ဗျားတို့ မယုံနိုင်လောက်တဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပေးထားတဲ့ ပုဒ်မ ၂ ကို ဖတ်ကြည့်ကြပါ” လို့ ထရမ့်ပ်က ပြောပါတယ်။
ဒါပေမဲ့ အာဏာဘယ်လောက်ကြီးမလဲ၊ ဘာတွေအပေါ်မှာ သက်ရောက်မလဲဆိုတာ ဒီကနေ့အထိ မေးခွန်းထုတ်စရာကိစ္စ ဖြစ်နေပါတယ်။ သမ္မတဟာ အစိုးရဌာနတွေကို ကြီးကြပ်ရတယ်ဆိုတာ အခြေခံဥပဒေအရ ရှင်းလင်းပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင် FTC၊ ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးရုံးလို့ ခေါ်တဲ့ SEC၊ စားသုံးသူဘဏ္ဍာရေး ကာကွယ်မှုဗျူရို (CFPB) စတဲ့ အမှီခိုကင်းလွတ်လပ်တဲ့ အေဂျင်စီတွေနဲ့ ပတ်သက်လို့တော့ အငြင်းပွားစရာ ဖြစ်လာပါတယ်။ စီးပွားရေးစောင့်ကြည့်တဲ့၊ စည်းကမ်းထိန်းသိမ်းပေးရတဲ့ အဖွဲ့အစည်းတွေကို ကွန်ဂရက်လွှတ်တော်က ဖန်တီးပြီး သမ္မတ လက်မှတ်ထိုး အတည်ပြုရာကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ နိုင်ငံရေးနဲ့မဆိုင်၊ အစိုးရအပြောင်းအလဲကြောင့် မထိခိုက်စေဘဲ သီးခြားလွတ်လပ်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထရမ့်ပ်က သီးခြားလွတ်လပ်တဲ့ အေဂျင်စီတွေကိုပါ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်ကို ထည့်သွင်းတဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ထုတ်ခဲ့ပါတယ်။
နယူးယောက်တက္ကသိုလ် ဥပဒေဌာန ဘရန်နန် စင်တာကို ဦးစီးသူ မိုက်ကယ်ဝဲလ်ဒ်မန်းဟာ ဒီ တကိုယ်တော် အုပ်ချုပ်ရေးအာဏာသီအိုရီရဲ့ အန္တရာယ်တွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးခဲ့ဖူးပါတယ်။
စီးပွားရေးကို စည်းကမ်းထိန်းသိမ်းဖို့၊ စတော့ခ်စျေးကွက်ကို ကွပ်ကဲဖို့၊ စျေးကွက်တွေထဲမှာ ယှဉ်ပြိုင်မှုတွေ ရှိစေဖို့အတွက် လက်ရှိမှီခိုနေတဲ့ အရာတွေ အများကြီး ဒီအမိန့်ကြောင့် ပျက်စီးသွားနိုင်တယ်လို့ ဝဲလ်ဒ်မန်းက သုံးသပ်ပါတယ်။
အစိုးရအဖွဲ့အတွင်း ဒီမိုကရေစီနဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ပြန်လည်အသက်သွင်းခြင်းလို့ ခေါင်းစဉ်တပ်ထားတဲ့ ထရမ့်ပ်ရဲ့အမိန့်မှာ အခြေခံဥပဒေ ပုဒ်မ ၂ နဲ့ တကိုယ်တော် အုပ်ချုပ်ရေးအာဏာ သီအိုရီကို ကိုးကားထားပါတယ်။ အဲဒီပုဒ်မအရ ဝန်ထမ်းအားလုံးဟာ သမ္မတ ကြီးကြပ်မှုအောက်မှာပဲ ရှိတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း ဒီလို ဝန်ထမ်းတွေထောင်ချီ ဖြုတ်ခွင့်ရှိတယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။
ရေပြင်ညီ စီမံခန့်ခွဲမှုအရ ပြည်ထောင်စုအစိုးရအဖွဲ့အောက်က အေဂျင်စီအားလုံးရဲ့ အကြီးအကဲတွေဟာ သမ္မတကို တိုက်ရိုက်တာဝန်ခံရမှာဖြစ်သလို ဒေါင်လိုက်စီမံခန့်ခွဲမှုအရ အောက်ခြေအထိ သမ္မတက တိုက်ရိုက်ဖြုတ်ပယ်ခွင့်ကို ယူထားပြန်ပါတယ်။
ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေက ဥပဒေပါမောက္ခ ဂျွန်ယူးဟာ ဘုရှ်အစိုးရလက်ထက်က ဒုလက်ထောက်ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဒီသီအိုရီကို လှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။ အကြမ်းဖက်မှုနဲ့ သံသယရှိသူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး စစ်မေးတဲ့ နည်းလမ်းတွေ သုံးဖို့အတွက် သမ္မတမှာ အုပ်ချုပ်ရေးအာဏာရှိတယ်လို့ ပုဒ်မ ၂ ကိုပဲ ကိုးကား တုံ့ပြန်ခဲ့သူ ဖြစ်ပါတယ်။
သမ္မတထရမ့်ပ်ကလည်း ဒီသီအိုရီကိုပဲ ထောက်ပြပြီးတော့ သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေကို ထုတ်ပယ်မှုကနေ ဘာကြောင့် ကာကွယ်ပေးရမှာလဲလို့ တုံ့ပြန်တာဖြစ်ပါတယ်။ ထရမ့်ပ်ဟာ အဲဒီ သီးခြားလွတ်လပ်တယ်ဆိုတဲ့ အေဂျင်စီတချို့က အကြီးအကဲတွေကိုပါ ထုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
အထက်လွှတ်တော်ရဲ့ အကြံပြုချက်၊ သဘောတူညီချက်နဲ့ သမ္မတက ခန့်အပ်တဲ့ အစိုးရဌာန အဓိက အရာရှိကြီးတွေနဲ့ ပတ်သက်လာရင် အခြေခံဥပဒေက ရှင်းလင်းမှုရှိပေမဲ့ အဲဒီလူတွေကို ဖယ်ရှားတာနဲ့ ပတ်သက်ရင်ကျတော့ လွှတ်တော်ဘက်က ဘယ်လိုကန့်သတ်ချက်တွေ ပြန်သတ်မှတ်သင့်သလဲ ဆိုတာက ခက်ခဲတဲ့မေးခွန်း ဖြစ်လာပါတယ်။
ဒါပေမဲ့ မေးခွန်းအသစ်တော့ မဟုတ်ပါဘူး။ ၁၉၃၀ ပြည့်လွန်နှစ်တွေက FDR လို့ခေါ်ကြတဲ့ သမ္မတ ဖရန်ကလင် ဒီနာရုစဘဲ့ဟာ ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင် (FTC) ဥက္ကဋ္ဌ ဝီလျံဟမ်းဖရေးကို နိုင်ငံရေးအကြောင်းပြချက်အရ ရာထူးက ဖယ်ရှားပစ်ခဲ့ပါတယ်။
အဲဒီတုန်းက တရားရုံးချုပ်ကတော့ အခြေခံဥပဒေမှာ သမ္မတကို အကန့်အသတ်မဲ့အာဏာ ပေးမထားဘူးလို့ ဆုံးဖြတ်ခဲ့ပြီး ဥက္ကဋ္ဌကို အကြောင်းပြချက် ခိုင်လုံမှသာ ဖယ်ရှားနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ပ်အစိုးရ လက်ထက်မှာတော့ အဲဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးချုပ်ကို ထပ်ပြီး ဖြေကြားခိုင်းနိုင်ခြေ ရှိနေသလို အရင်စီရင်ထုံးကို ပယ်ဖျက်နိုင်ခြေကလည်း ရှိနေပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက နောက်ထပ်တမှုကတော့ တရားရေးဆိုင်ရာ လွတ်လပ်တဲ့ ဥပဒေအတိုင်ပင်ခံတဦးရဲ့ တရားဝင်မှု ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကို သမ္မတက မဖြုတ်အောင် ကာကွယ်ပေးနိုင်မလား ဆိုတဲ့ မေးခွန်းကို တရားရုံးက ကာကွယ်ပေးနိုင်တယ်လို့ ဖြေခဲ့ပါတယ်။ အဲဒီတုန်းကလည်း တရားရုံးချုပ် တရားသူကြီးတဦးက သဘောကွဲလွဲခဲ့ပါတယ်။
ကန့်ကွက်ခဲ့တဲ့ တရားသူကြီး စကာလီယာက “အခြေခံဥပဒေမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ကျုပ်တို့လက်ခံပေးမှရမယ်လို့ ဝကွက်အပ်ထားတဲ့အချက် မပါဘူး” လို့ ထောက်ပြခဲ့ပါတယ်။ အုပ်ချုပ်ရေးအာဏာကို အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တဦး လက်ထဲမှာ အပ်နှင်းရမယ်လို့ပဲ ရေးထားတာဖြစ်ပြီး သမ္မတနဲ့ အခြားသူတွေကို ခွဲဝေအပ်နှင်းတယ်လို့ ရေးမထားဘူးလို့ သူ့အမြင်ကို ဖော်ပြခဲ့ဖူးပါတယ်။
အဲဒီတုန်းက တရားရုံးချုပ်မှာ ကန့်ကွက်တဲ့ တရားသူကြီးက သူတယောက်တည်းပဲရှိခဲ့ပေမဲ့ သူ့ရဲ့ အယူအဆဟာ နောက်ပိုင်း အုပ်ချုပ်ရေးအာဏာကို ပိုကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုလိုသူတွေရဲ့ ကြွေးကြော်သံ ဖြစ်လာပါတယ်။
လွှတ်တော်က ခွင့်ပြုထားတဲ့ ပေးချေမှုတွေကို အုပ်ချုပ်ရေးအာဏာရှိသူ အနေနဲ့ တရားဝင် သိမ်းယူပိုင်ခွင့် (impoundment) ရှိတယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။ ထရမ့်ပ်ရဲ့ အယူအဆဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတရပ်ကို ဆန့်ကျင်နေပါတယ်။ ဒါပေမဲ့ ဒီဥပဒေဟာ လုံးဝ အခြေခံဥပဒေနဲ့မညီဘဲ အာဏာခွဲဝေကျင့်သုံးမှုကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်တာလို့ ထရမ့်ပ်က တုံ့ပြန်ထားပါတယ်။
ဒီလိုမျိုး တကိုယ်တော် အုပ်ချုပ်ရေးအာဏာ သီအိုရီကို လွန်လွန်ကျူးကျူး ဖွင့်ဆို ကိုင်စွဲမှုဟာ တရားဝင်မှုဆိုတဲ့ ဘာသာစကား အရေခြုံထားတဲ့ ပြောင်ပြောင်တင်းတင်း အာဏာသိမ်းယူမှု ဖြစ်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါကို ဆုံးဖြတ်၊ ဖွင့်ဆိုရမှာကတော့ တရားရုံးချုပ်ရဲ့ အလုပ် ဖြစ်လာပါတယ်။
သမ္မတထရမ့်ပ်ဟာ ရည်ရွယ်ချက်ရှိရှိကို စမ်းသပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ထရမ့်ပ်က သူ့ရဲ့ အာဏာကို ဒီလိုတွေ သုံးပြနေတာရဲ့ ရည်ရွယ်ချက် တစိတ်တဒေသဟာ တရားရုံးချုပ်က အရင်စီရင်ထုံးတွေ ပြင်ဆင်ဆုံးဖြတ်ဖို့ အခွင့်အလမ်းပေးတာလည်း ဖြစ်နိုင်တယ်လို့ ဥပဒေပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ဦးဆောင်တဲ့ တရားရုံးချုပ်ဟာ ဒီအတွက် အနှစ် ၂၀ လောက် ပြင်ဆင်ထားခဲ့တာလို့ ဥပဒေပါမောက္ခ ဂျွန်ယူးက သုံးသပ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက စားသုံးသူ ဘဏ္ဍာရေး ကာကွယ်ပေးရေးဗျူရို (CFPB) အကြီးအကဲကို သမ္မတက ဖယ်ရှားနိုင်ခြင်း ရှိ၊ မရှိဆိုတဲ့ အမှုမှာ ဖယ်ရှားနိုင်တယ်လို့ ရုံးတော်က ဆုံးဖြတ်ခဲ့ပါတယ်။
သီးခြားလွတ်လပ်တဲ့ အေဂျင်စီတွေကို ကာကွယ်ပေးရမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အရင်စီရင်ထုံးတွေဟာ အခြေခံဥပဒေကို ရေးဆွဲထားတဲ့အတိုင်း ကျင့်သုံးဖို့ ရုံးတော်ရဲ့ ပျက်ကွက်ခဲ့မှုသာ ဖြစ်ပြီး ဒီအေဂျင်စီတွေဟာ အုပ်ချုပ်ရေးအာဏာကို ကျူးကျော်ထိပါးရာ ရောက်နေတယ်လို့ တရားသူကြီး နှစ်ဦးရဲ့ စီရင်ချက်မှာ ဖော်ပြထားပါတယ်။
အကယ်၍ တရားရုံးချုပ်ကသာ နောင်လာမယ့် အမှုတွေမှာ ဒီလို တကိုယ်တော်အုပ်ချုပ်ရေးအာဏာ သီအိုရီကို အမြင့်ဆုံးနဲ့ အပြင်းထန်ဆုံး ဖွင့်ဆိုဖို့ သဘောတူလိုက်မယ်ဆိုရင် စီးပွားရေးအများစုပါ ကပြောင်းကပြန် ဖြစ်သွားနိုင်သလို တရားဥပဒေစိုးမိုးမှု၊ အပြန်အလှန်ထိန်းကျောင်းမှုတွေနဲ့ သွားတဲ့ သမ္မတ တယောက်က အုပ်ချုပ်တာနဲ့ မတူတော့ဘဲနဲ့ ဘုရင်တပါး အုပ်ချုပ်သလို ဖြစ်လာနိုင်တယ်လို့ ဝဲလ်ဒ်မန်းက သုံးသပ်ထားပါတယ်။
အဲဒီတော့ လွှတ်တော်က အဲဒီအေဂျင်စီတွေအတွက် မူဝါဒချ၊ ဘတ်ဂျက်ချပေးပြီးတော့ သမ္မတက ကျတော့ ဒီအတိုင်းကြည့်နေရမလား ဆိုတာလည်း မေးစရာရှိလာပါတယ်။ လွှတ်တော်က သုံးချင်တဲ့ ပိုက်ဆံကို သမ္မတ ထရမ့်ပ်က မသုံးချင်ဘူး၊ လွှတ်တော်က စည်းကမ်းသတ်မှတ် ကိုင်တွယ်ချင်တာကို သမ္မတက မကိုင်တွယ်ချင်ဘူးဆိုရင် ပြဿနာတက်လာမှာ ဖြစ်ပါတယ်။
အမေရိကန်ကို စတင်ထူထောင်ခဲ့တဲ့ စနစ်မှာ သမ္မတကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချတာကလွဲရင် တခြားထိန်းကျောင်းမှုမျိုး ရှင်းရှင်းလင်းလင်း မရှိထားပါဘူး။ ဥပဒေတရပ်အတိုင်း အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာဟာ ရာထူးကနေ ဖြုတ်ချနိုင်တဲ့အထိ ကြီးလေးတဲ့ ရာဇဝတ်မှု ဖြစ်တာတော့ ရှင်းပါတယ်။ ဆိုလိုတာက ဒီလိုမျိုး စွပ်စွဲဖြုတ်ချမခံရဘူး၊ သမ္မတက ဒီလို လုပ်ရဲကိုင်ရဲ ရှိနေတယ် ဆိုတာကိုက လွှတ်တော်က သူ့ဘက်ကရှိနေလို့ ဆိုတာ ပေါ်လွင်လာပါတယ်။
“ပြည်သူတွေက ကျုပ်ကို ဒါလုပ်ဖို့ ရွေးကောက်ထားတာ၊ ဒါကြောင့် ကျုပ်လုပ်နေတာ” လို့ ထရမ့်ပ်က ပြောပါတယ်။
ပါတီတူ ရီပတ်ဘလီကန် အမတ်တွေကပဲ အထက်၊ အောက် လွှတ်တော်နှစ်ရပ်စလုံးမှာ လူများစုဖြစ်နေသလို လက်ရှိအချိန်အထိ သမ္မတ ထရမ့်ပ်ကို ထောက်ခံနေကြတာကြောင့်ပဲ အာဏာခွဲဝေကျင့်သုံးရေးနဲ့ ပတ်သက်ပြီး တကယ့် တိုက်ပွဲမျိုး မရှိသေးတာလည်း ဖြစ်ပါတယ်။
ထောက်ခံသူတွေကတော့ ဒါဟာ အခြေခံဥပဒေနဲ့အညီ အာဏာကျင့်သုံးမှုကို ပြန်အသက်သွင်းတာပဲလို့ ဆိုကြပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်တခုလုံးမှာ လူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်တာဆိုလို့ သမ္မတ တဦးသာ ရှိတဲ့အတွက် ဒီမဏ္ဍိုင်တခုလုံးအပေါ်မှာ သူကပဲ အပြည့်အဝ အာဏာပိုင်တယ်လို့ ချေပကြပါတယ်။
ကန့်ကွက်သူတွေကတော့ ဒါဟာ အာဏာလက်ဝါးကြီးအုပ်တာ၊ တဦးတယောက်တည်းက အာဏာသိမ်းလိုက်တာလို့ ဝေဖန်ကြပါတယ်။ သီးခြားလွတ်လပ်တဲ့ အေဂျင်စီတွေဆိုတာ နိုင်ငံရေးလွှမ်းမိုးမှု မရှိအောင် ဖန်တီးခဲ့ကြတာဖြစ်ပြီး သမ္မတ တယောက်တည်းက ထင်သလိုသာ လုပ်နိုင်ရင်၊ အကုန်ဖြုတ်ပစ်လို့ရရင် အာဏာရှင်စနစ် ဖြစ်သွားတော့မယ်လို့ သတိပေးနေကြပါတယ်။
မကြာခင်မှာ ထရမ့်ပ်ရဲ့ အုပ်ချုပ်ရေး ဆောင်ရွက်ချက်တွေကို ကန့်ကွက်တဲ့ အမှုအများစုကို တရားရုံးချုပ်က ဖြေကြားရတော့မှာ ဖြစ်ပါတယ်။ ထရမ့်ပ် ပထမသက်တမ်းမှာ ခန့်အပ်ခဲ့တဲ့ ၃ ဦး အပါအဝင် တရားရုံးချုပ်တရားသူကြီး စုစုပေါင်း ၉ ဦး ရှိတဲ့အနက် ၆ ဦးက ကွန်ဆာဗေးတစ်ဘက် ပိုယိမ်းပြီး လစ်ဘရယ်အမြင်ယိမ်းတာက ၃ ဦးပဲ ရှိတယ်လို့ အများလက်ခံထားကြပါတယ်။ ကွန်ဆာဗေးတစ်ယိမ်းတဲ့ တရားသူကြီးတိုင်းက ထရမ့်ပ်ဘက်ကိုပါမယ်၊ တကိုယ်တော် အုပ်ချုပ်ရေးအာဏာ သီအိုရီကို လက်ခံမယ်လို့ ကံသေကံမ မပြောနိုင်ပါဘူး။ အရင်တုန်းကတော့ အငြင်းပွားဖွယ်ရာကိစ္စတွေမှာ တရားရုံးချုပ် ဆုံးဖြတ်ချက်မှာ ၆ ဦး၊ ၃ ဦးဆိုတဲ့ ကွဲလွဲမှုမျိုး ရှိနေခဲ့ပါတယ်။ ထရမ့်ပ် ပထမသက်တမ်းတုန်းက ဆောင်ရွက်ချက်တွေအတွက် ပြစ်မှုကြောင်းအရ ကင်းလွတ်ခွင့် ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်လို့ တရားရုံးချုပ်ကပဲ ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးခင်က ရွှေ့ပြောင်းတွေကို နှင်ထုတ်တဲ့ ကိစ္စမှာတော့ ဟန့်တားတဲ့ ပြည်ထောင်စု တရားသူကြီးတဦးကို စွပ်စွဲဖြုတ်ချရမယ်လို့ ထရမ့်ပ်က ဝေဖန်ခဲ့ချိန်မှာ တရားသူကြီးချုပ် ရောဘတ်စ် ကိုယ်တိုင် ကြေညာချက်ထုတ် တုံ့ပြန်ခဲ့ပါတယ်။
တရားသူကြီးချုပ် ရောဘတ်စ်က “ရာစုနှစ် နှစ်ခုကျော်အတွင်းမှာ တရားသူကြီးကို စွပ်စွဲပြစ်တင်တယ် ဆိုတာက တရားရုံးဆုံးဖြတ်ချက် တခုအပေါ် သဘောမတူတဲ့အခါ သုံးတဲ့ သင့်လျော်တဲ့ တုံ့ပြန်မှုမျိုး မဟုတ်ခဲ့ဘူး။ ပုံမှန်အတိုင်း သဘောမတူရင် အယူခံတက်လို့ရတဲ့ လုပ်ငန်းစဉ် ရှိပါတယ်” လို့ ကြေညာချက်တစောင် ထုတ်ခဲ့ပါတယ်။ ဒါဟာ တရားသူကြီးတွေကို ထရမ့်ပ်နဲ့ တသဘောတည်းမရှိရုံနဲ့ ဖြုတ်ချဖို့ ကြိုးပမ်းမှာကိုတော့၊ တရားစီရင်ရေးမဏ္ဍိုင်ကိုပါ စွက်ဖက်မှာကိုတော့ လက်မခံနိုင်ကြောင်း ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။
ထရမ့်ပ် ပထမသက်တမ်းတုန်းကလည်း တရားသူကြီးဆိုးတွေ၊ အိုဘားမားတရားသူကြီးတွေ စတဲ့ စကားလုံးတွေ သုံးလာတဲ့အချိန်မှာ ရောဘတ်စ်က ဟန့်တားခဲ့ဖူးပါတယ်။ အိုဘားမားတရားသူကြီး၊ ဘုရှ်တရားသူကြီး၊ ထရမ့်ပ်တရားသူကြီး၊ ကလင်တန်တရားသူကြီးရယ်လို့ မရှိကြောင်း၊ ရုံးတော်ရှေ့ ရောက်လာသူတွေအတွက် သာတူညီမျှ အခွင့်အရေးပေးဖို့ အကောင်းဆုံးလုပ်နေကြတာသာ ဖြစ်ကြောင်း အဲဒီတုန်းကလည်း ဖြေရှင်းချက် ထုတ်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုချိန်မှာ ထရမ့်ပ်ကို ထိန်းကျောင်းနိုင်စွမ်းက တရားရုံးချုပ်မှာပဲ ရှိနေတယ်လို့ ဆိုရမှာပါ။
ဒါပေမဲ့ တရားရုံးကသာ တကိုယ်တော် အုပ်ချုပ်ရေးအာဏာ သီအိုရီကို လက်ခံပေးပြီး အခြေခံဥပဒေပုဒ်မ ၂ ကို အမြင့်ဆုံးဖွင့်ဆိုပေးခဲ့ရင် သမိုင်းမှာ မကြုံစဘူး အာဏာအရှိဆုံး သမ္မတရာထူး ဖြစ်လာနိုင်သလို အမေရိကန်ရဲ့ အုပ်ချုပ်ရေးစနစ်ကိုတောင် အခြေခံကျကျ ပြောင်းလဲသွားစေနိုင်ပါတယ်။
အမေရိကန် ဒီမိုကရေစီရဲ့ မဏ္ဍိုင်သုံးရပ်မှာ အုပ်ချုပ်ရေးမဏ္ဍိုင် သမ္မတက တကိုယ်တော် အုပ်ချုပ်ရေးအာဏာ သီအိုရီကို အကျယ်ပြန့်ဆုံး ကျင့်သုံးလာချိန်မှာ ဥပဒေပြုရေးမဏ္ဍိုင်ကရော တရားစီရင်ရေးမဏ္ဍိုင်ကပါ သမ္မတဘက်ကပဲ ရပ်တည်ခဲ့မယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
စိုင်းခေတ်နွေ