Home
မြန်မာသတင်း
ညောင်ဦးတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇၀ ကျော်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းမိ
DVB
·
March 19, 2025
photo:ညောင်ဦး ပကဖ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မတ် ၁၄ ရက် နေ့လယ်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အယောက် ၇၀ ကျော်သေဆုံးကာ စစ်ကြောင်းတခုလုံး ပျက်စီးသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့  ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။

အဆိုပါ တိုက်ပွဲမှာ တော်လှန်ရေး ရဲဘော်တယောက်လည်း ကျဆုံးပြီး ရဲဘော်တယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ညောင်ဦး ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “ညောင်ဦးမြို့နယ်ထဲက ငါ့သရောက်မြို့နယ်ခွဲထဲကို စစ်သားနဲ့ ပျူတွေ ပေါင်းပြီး စစ်ကြောင်းထိုးလာကြတဲ့ စစ်ကြောင်းကို သတင်းရလို့ ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတာပါဗျ။ စစ်ကြောင်း ၂ ကြောင်းမှာ တကြောင်းကတော့ တပ်ပျက်သွားတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်ဗျတ်ဝိ (ပုဂံပြည်ဘီလူးတပ်) နဲ့ ရဲဘော် ငတေ (BGF) တို့က ဦးဆောင်ပြီး ပုဂံပြည်ဘီလူးတပ်၊ BGF (Burmese Guerrilla Force)၊ တောင်သာမြို့နယ် ပကဖ၊ Scorpion People Defense Force၊ ညောင်ဦးခရိုင်တပ်ရင်း ၅ နဲ့ မြင်းခြံခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း ဆိုပါတယ်။

ညောင်ဦး ပကဖ တာဝန်ခံ ကိုဇီးက “အဲဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်ကြောင်း ၂ ကြောင်းထဲက ခန့်မှန်းအင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းတကြောင်းက ငါ့သရောက်မြို့နယ်ခွဲထဲကို ဝင်လာကြတာ။ သူတို့စစ်ကြောင်း ထောက်ဝရွာနဲ့ အိုရင်းရွာ နှစ်ရွာကြား အရောက်မှာ ဖြတ်တိုက်ခဲ့တာပေါ့ဗျာ။ ၃ နာရီကျော်လောက်မှာ ပြီးတယ်ဆိုတော့ တိုက်ပွဲချိန်က ၂ နာရီကျော်လောက် ကြာခဲ့တာပေါ့။ ကျနော်တို့ မဟာမိတ်အဖွဲ့ထဲက ရဲဘော်တယောက် ကျသွားတယ်။ ရဲဘော်တယောက်လည်း ဒဏ်ရာရခဲ့တယ်။ တိုက်ပွဲပြီးတော့ သူတို့စစ်ကြောင်းတကြောင်းလုံး ပြုတ်တယ်။ အလောင်းတွေ ၆၉ လောင်း တွေ့တယ်ဗျ။ ဒဏ်ရာရတဲ့ ကောင်တွေထဲ ထပ်သေတာ ၅ ယောက်ဆိုတော့ ၇၄ ယောက်သေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်က ထွက်ပြေးရင်းနဲ့ ပြည်သူတယောက်ရဲ့ ဆိုင်ကယ်တွေ လုပြီး ငါ့သရောက်ရဲစခန်းထဲအထိ ပြေးသွားကြောင်းနဲ့ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို စစ်ကောင်စီတပ်ဘက်က လေ​ယာဥ်တွေ ဝဲပျံခဲ့တာ ရှိခဲ့ပေမဲ့ တိုက်ခိုက်သွားတာမရှိခဲ့ပါဘူး။

အဆိုပါစစ်ကြောင်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံတွေ ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013