
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ တရားမဝင် နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၇ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၁၆ ရက် ည ၇ နာရီမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းပြီး ဖမ်းသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“တရုတ်နိုင်ငံသား ဒီလောက်များတာ ဘာလို့ အကုန်မဖမ်းတာလဲပေါ့ မေးစရာရှိတယ်။ သူတို့က နာမည်ကောင်းရချင်လို့သာ ဟန်ပြဖမ်းနေတာ။ မကြာဘူး ပြန်လွှတ်မယ်။”
အဲဒီ တရုတ်နိုင်ငံသားတွေဟာ ဘော်ဆိုင်းသတ္တုတူးဖော်ရေးကုမ္ပဏီတွေဖြစ်တဲ့ တောင်ကြီးသိန်း ကုမ္ပဏီမှာ အလုပ်လုပ်နေသူ ၄ ယောက်၊ မြေနဂါးကုမ္ပဏီက ၂ ယောက်နဲ့ ကောင်းသောအင်အားကြယ် ကုမ္ပဏီက တယောက်၊ စုစုပေါင်း ၇ ယောက် ဖြစ်ပါတယ်။
ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားတွေကို လဝကလက်အပ်ပြီး အရေးယူသွားမယ်လို့လည်း စစ်တပ်ဘက်က ပြောပေမဲ့ အတိအကျကိုတော့ မသိရသေးဘူးလို့ ဘော်ဆိုင်းမြို့ အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလမှာလည်း ဘော်ဆိုင်းမြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့သေးတယ်လို့ ဒေဲသခံတွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဘော်ဆိုင်းမြို့မှာ တရားမဝင် သတ္တုလာတူးတဲ့ တရုတ်နိုင်ငံသား များလာပြီး သတ္တုတူးဖော်မှု နောက်ဆက်တွဲအနေနဲ့ ရေရှားပါးတဲ့ပြဿနာကို နှစ်စဉ်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။