Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်က ပြည်သူ ၂ဝ ခန့်ကို ဖမ်းဆီးပြီး တပ်ထဲခေါ်သွား
DVB
·
March 13, 2025

မြိတ်-တနင်္သာရီ ကားလမ်းပိုင်းမှာ ဖြတ်သန်းသွားလာတဲ့ ကား၊ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းပြီးနောက် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ထဲ စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

အခု မတ် ၁၀ ရက် နေ့လယ်ပိုင်းက မြိတ်မြို့ကနေ ကုန်ပစ္စည်းပို့ဖို့ တက်လာတဲ့ Light Truck ကားတစီးနဲ့ ကျေးရွာတချို့က မောင်းနှင်လာတဲ့ ဆိုင်ကယ်တွေကို တားမြစ်သိမ်းဆည်းပြီး‌တော့ အရပ်သားပြည်သူ ၂၀ ခန့်ကို နေအိမ်တလုံးမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းဆီးထားသူတွေထဲက လူတချို့ကို အဆိုပါနေ့ ညဘက်မှာ လွှတ်ပေးလိုက်ပြီး ကျန်တဲ့သူတွေကိုတော့ နောက်တနေ့ မတ် ၁၁ ရက်၊ နေ့လယ်မှာ ခမရ ၅၅၇ တပ်ရင်းထဲ ခေါ်ဆောင်သွားကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“စစ်ကြောင်းထိုးတဲ့အချိန်မှာဆိုတော့ ဖြတ်သွားတဲ့လူတွေ အကုန်ဖမ်းလိုက်ပြီးတော့ အကုန် အိမ်တလုံးထဲ ထည့်ခေါ်ထားတာ။ ဘာမှတော့မလုပ်ထားဘူးတဲ့။ သိချင်တာတွေ မေးတာပဲထင်တယ်။ ဖုန်းတွေစစ်တယ်။ အာမခံပေးနိုင်တဲ့သူတွေ လာခေါ်ခိုင်းတယ်။ စစ်ဆေးမေးမြန်းပြီး သံသယမရှိရင် ပြန်လွှတ်ပေးမယ်ဆိုပြီး ကြားတယ်။”

တနင်္သာရီကားလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ မကြာခန မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး အရပ်သားပြည်သူတွေနဲ့ ကားတွေ အကာအကွယ်ယူကာ စစ်ကြောင်းထိုး သွားလာလှုပ်ရှားလေ့ ရှိတယ်လို့ ‌‌‌တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မြိတ်-တနင်္သာရီ ကားလမ်းပေါ်မှာရှိတဲ့ ဘန်းလမွတ်‌ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ကြောင်းတွေ အမြဲဝင်ရောက် သွားလာလှုပ်ရှားနေတာကြောင့် ဒေသခံပြည်သူတွေ မနေထိုင်တော့ဘဲ ဘေးလွတ်ရာနေရာဒေသတွေမှာ တိမ်းရှောင်နေထိုင်ကြတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013