
ထားဝယ်မြစ်ကြောင်းမှာ ထားဝယ်ကနေ မြိတ်ကို ပိုက်ဆံသေတ္တာတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ စက်လှေတစီးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မတ် ၁၀ ရက်၊ ည ၁၁ နာရီလောက်မှာ ဘဏ်ဝန်ထမ်း ၃ ယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါလာတဲ့ စက်လှေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လောင်းလုံးမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲက ၁၀ မိနစ်ပဲကြာတယ်။ ကျနော်တို့ဘက်က စက်လှေ နောက်ဆုံးအလှမ်းကွာသွားတဲ့အထိ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်တာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီစက်လှေထဲမှာ ပါလာတဲ့ ပိုက်ဆံသေတ္တာတွေဟာ မြန်မာ့စီးပွားရေးဘဏ်က ဖြစ်နိုင်ပြီး စစ်ကောင်စီဘက်က ပုံမှန်လစာထုတ်တာတွေကို ထားဝယ်မှ ကုန်းကြောင်း၊ ရေကြောင်းတဆင့် သယ်ယူပို့ဆောင်လေ့ရှိတယ်လို့ လောင်းလုံးမြို့နယ်ပကဖဆီက သိရပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးပြီး ၃၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးပကဖရဲ့ ပြောပြချက်အရ သိရပါတယ်။
လောင်းလုံးမြို့နယ်မှာ ရေကြောင်းအသုံးပြုသွားလာနေတဲ့ ငါးဖမ်းလှေတွေ၊ ကုန်တင်သင်္ဘောတွေ၊ ဆီဘောတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေကို တင်ဆောင်တာတွေ မပြုလုပ်ဖို့နဲ့ မပူးပေါင်းကြဖို့ လောင်းလုံးမြို့နယ်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။