
ရုရှားနိုင်ငံက မြန်မာမှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ရေး ကိစ္စတွေ အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
အဆိုပါ နှစ်နိုင်ငံသဘောတူညီ နားလည်မှုစာချွန်လွှာကိုတော့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အကြီးအကဲ ဝန်ကြီး မက်ဆင်မ် ရီရှက်တ်နိကော့ဗ်နဲ့ စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်တို့ လက်မှတ်ရေးထိုးခဲ့ကြတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
နားလည်မှုစာချွန်လွှာထဲမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရုရှားကုမ္ပဏီတွေနဲ့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ အခြေခံအဆောက်အဦနဲ့ စွမ်းအင်စီမံကိန်းတွေရဲ့ အခြေခံမူဘောင်တွေ ပါဝင်တဲ့အကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဝန်ကြီး မက်ဆင်မ် ရီရှက်တ်နိကော့ဗ်ကို ကိုးကားပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ကျနော်တို့ ပြောနေတာက ဆိပ်ကမ်းတခု၊ ကျောက်မီးသွေးသုံး အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ဖို့ စီမံကိန်းတွေအကြောင်း ပြောနေတာပါ။”
ရေနံချက်စက်ရုံ တည်ဆောက်ရေးကတော့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်တာကြောင့် စက်ရုံတည်ဆောက်မှုအတွက် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးတဲ့အကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က စက်ရုံတရုံ ထားရှိလိုတဲ့ဆန္ဒ ရှိပေမဲ့လည်း ရုရှား ကုမ္ပဏီတွေဘက်က ဒီလို ပရောဂျက်ရဲ့ စီးပွားရေးအခြေအနေတွေကို လေ့လာနေဆဲဖြစ်ပြီး စီးပွားရေးဖြစ်နိုင်ခြေ ရှုထောင့်ကနေကြည့်ရင် အလွန်ရှုပ်ထွေးတဲ့အကြောင်းလည်း ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကို ကိုးကားပြီးတော့ Interfax သတင်းဌာနက ဖော်ပြပါတယ်။
စစ်ကောင်စီအာဘော်သတင်းတွေမှာတော့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးနဲ့အဖွဲ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ရေနံနဲ့ ဓာတုထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်ရေးတွေမှာ ရုရှားဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်သွားဖို့ အသင့်ရှိနေတဲ့အကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။
ရုရှားဝန်ကြီးဌာနရဲ့ အဆိုအရ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ကပ္ပလီပင်လယ်ပြင်ထဲက ၁၉၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ စီမံကိန်းဖြစ်ပြီး နည်းပညာမြင့် စက်မှုဇုန်တွေ၊ သယ်ယူပို့ဆောင်ရေး အချက်အချာကျတဲ့ နေရာတွေ၊ သတင်းအချက်အလက် နည်းပညာဇုန်တွေနဲ့ ပို့ကုန်လုပ်ငန်းတွေ ဆောင်ရွက်တဲ့ဇုန်တွေ ထားရှိဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရုရှားက မြန်မာရဲ့ အရင်းနှီးဆုံး မဟာမိတ် ဖြစ်လာခဲ့သလို နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လာခဲ့တာပါ။
ဒါ့အပြင် ရန်ကုန်မြို့က ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းတွေမှာ ရုရှားနိုင်ငံက ပါဝင်ဖို့ ကိစ္စတွေ အပါအဝင် စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နိုင်ငံအတွင်း နျူးကလီးယား သုတေသန ဓာတ်ပေါင်းဖိုတခု ပြုလုပ်ဖို့ အစီအစဉ်တွေ ချမှတ်ထားတဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။