
မြိတ်-တနင်္သာရီကားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ကုန်ကားမောင်းသမားတွေ အခက်တွေ့နေရတယ်လို့ ပြောပါတယ်။
ကုန်ကားမောင်းသမားတယောက်က “စကစဘက်က ကန့်သတ်ထားတဲ့ကုန်တွေရှိတယ်။ ဆန်တို့၊ ဆီတို့ဆို လုံးဝတင်လို့မရဘူး။ စကစဘက်က နောက်ပိုင်းတင်းကျပ်လာတော့ ကားမောင်းရမှာ အခက်အခဲဖြစ်လာတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ကုန်ကားတွေဟာ စစ်ကောင်စီဘက်က ကန့်သတ်ထားတဲ့ ကုန်တွေ တင်ဆောင်လာတာကြောင့်ဖြစ်တယ်လို့ ကုန်ကားမောင်းသမားတွေက ပြောပါတယ်။
ကုန်ကားမောင်းသမားနောက်တယောက်က “ကျနော်တို့က ရွာဘက်မှာရှိနေတဲ့ ဒေသခံတချို့ အဆင်ပြေအောင် ဆန်တွေ၊ ဆီတွေတင်လာပေးရတယ်။ ကျနော်တို့လည်း ဒီရွာတွေရောက်ရင် ထမင်းစားနေရတာလေ။ စကစဘက်လည်း ပိုစစ်ဆေးလာတော့ ကျနော်တို့မှာ ပိုကြပ်တာပေါ့” လို့ ပြောပါတယ်။
မတ် ၉ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ကြေးနန်းတိုင်တံတားက တာဝန်ရှိသူတွေကို ကန့်သတ်ကုန်တွေ သယ်ခွင့်ပေးထားတာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ကားသမားတွေကိုတော့ စစ်ကောင်စီဘက်က အခုချိန်အထိ ပြန်မလွှတ်သေးဘဲ ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတော့ကိုလည်း DVBအနေနဲ့ အတည်ပြုဖို့ ကြိုးစားနေဆဲပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခု ဒီဇင်ဘာလကုန်လောက်က မြိတ်မြို့မှ ကုန်ပစ္စည်းတင်ဆောင်ရာမှာ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရဲ့ မျှောစာပါမှ တင်ဆောင်ဖြတ်သန်းခွင့်ရှိတယ်လို့ သိရပါသေးတယ်။