Home
မြန်မာသတင်း
စစ်ကောင်စီကြောင့် ပုလောတွင် ကလေးအပါအဝင် ၃ ဦးသေ၊ တနင်္သာရီတွင် ဘုန်းကြီးကျောင်းပျက်စီး
DVB
·
March 1, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊​ ထမင်းမစားကျေးရွာမှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ ကလေးတယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီကဗုံးကြဲလို့ ဘုန်းကြီးကျောင်း ပျက်စီးသွားပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်ည ၇ နာရီဝန်းကျင်မှာ ထမင်းမစားကျေးရွာအနီး တော်ဝင်ရွာနာရေးကနေ ပြန်လာတဲ့ အရပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ထမင်းမစားရွာပျူစောထီးတွေက ကင်းပုန်းဝပ်ပြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ထမင်းမစားနားမှာ ရွှေပြည်တန်ရာဘာခြံရှိတယ်။ အဲနားက နတ်စင်မှာ စကစနဲ့ ပျူတွေက ကင်းပုန်းဝပ်ပြီး ပစ်တာပါ” လို့ DVB ကို ပြောပါတယ်။

သေဆုံးသူတွေဟာ ထမင်းမစားရွာက အသက် ၇ နှစ်အရွယ် မဂျက်ပုနဲ့ အသက် ၃၅ နှစ် အရွယ် မနှင်းဖြူအေးတို့ဖြစ်ပြီး မြိတ်ကနေ ထမင်းမစားရွာက ရာဘာစက်ရုံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၈ နှစ်အရွယ် ကိုချစ်ပိုင်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေကို တော်ဝင်ရွာက နာရေးနဲ့အတူတူ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီက ကျေးရွာတချို့ကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေပြီး  မတ် ၁ ရက် ဒီမနက် ၉ နာရီခွဲအချိန်လောက်မှာ မြိတ်ဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာကဗုံးကြဲလို့ တကူကျေးရွာက မြရာချောင်းဘုန်းကြီးကျောင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “စောစောပိုင်းက လေယာဉ် ၃၊ ၄ ကြိမ်လောက်လာဝဲပြီး ၉ နာရီဝန်းကျင်လောက်မှာပဲ မြရာချောင်းဘုန်းကြီးကျောင်းငယ်နားက ဘောလုံးကွင်းမှာ ကြဲချသွားတယ်ဗျာ။ လူတော့မထိခိုက်ပါဘူး။ ဘုန်းကြီးကျောင်းပဲ စင်ထိသွားတာပါ။ အရင်က လာကြဲတဲ့လေယာဉ်လိုမျိုး အသံနဲ့အမြန်နှုန်းပါတူတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းတည်းက ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက တနင်္သာရီမြို့နယ်တဝိုက်မှာ လေယာဉ်တွေနေ့တိုင်းလိုလိုပျံဝဲနေခဲ့တာဖြစ်ပြီး လူနေအိမ် အဆောက်အအုံတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ တနင်္သာ-မောတောင်ကားလမ်းပိုင်းက သိန်ခွန်း ကျေးရွာအုပ်စုမှာလည်း စစ်ကောင်စီက ထိတွေ့တိုက်ပွဲစဖြစ်တဲ့နေ့တည်းက လေကြောင်းပစ်ကူခဲ့ပြီး ဖေဖော်ဝါရီနောက်ဆုံးအပတ်မှာ ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ‌ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်တစင်း၊ ရဟတ်ယာဉ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေအိမ် ၃၀ လောက် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013