Home
မြန်မာသတင်း
ညောင်ကျိုးစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
March 14, 2025
Photo : AA

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တပ်နယ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက မတ် ၁၃ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားကိုလည်း ဖမ်းဆီးရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ညောင်ကျိုးက သိမ်းထားပြီးဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတာ ရှိတယ်။ ရာထူးအဆင့်တွေကတော့ အသေးစိတ် မသိရသေးဘူး။ တချို့ကလည်း ချင်းကုန်းစခန်းဘက်ကို ဆုတ်ပြေးသွားကြတာ ရှိတယ်။ လက်ရှိတော့ ချင်းကုန်းစခန်းမှာ တိုက်ပွဲက ပြင်းထန်နေဆဲပဲ။”

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ညောင်ကျိုးစခန်းကို ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက စတင်ထိုးစစ်ဆင်ပြီး ရက်ပေါင်း ၃၅ ရက်နီးပါး တိုက်ခိုက်ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

အခုသိမ်းပိုက်ရရှိတဲ့ ညောင်ကျိုးစခန်းဟာ စစ်ကောင်စီရဲ့ အမှတ်-၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၆) တည်ရှိတဲ့ ညောင်ခြေထောက်ကျေးရွာနဲ့ ၁၁ မိုင် အကွာအဝေးသာရှိပြီး စစ်ကောင်စီက အင်အား ၃၀၀ နီးပါးနဲ့ ခုခံတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

လက်ရှိတိုက်ခိုက်နေတဲ့ ချင်းကုန်းကိုလည်း အင်အားပို့ဆောင်နိုင်တဲ့ လမ်းကြောင်းအားလုံးကို AA နဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက်ထားပြီးတော့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ချင်းကုန်းစခန်းက အကုန်လုံး ပိတ်ဆို့ခံထားရပြီးဖြစ်တယ်။ စစ်ကူလမ်းကြောင်းကိုပါ အကုန်လုံး ဖြတ်တောက်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာ။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုတွေ များပြီးတော့ လက်နက်နဲ့ ထွက်ပြေးနေကြတဲ့သူတွေကိုလည်း လိုက်လံရှင်းလင်းနေကြတယ်လို့ သိထားရတယ်။”

ညောင်ကျိုးစခန်းဟာ စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေရှိတဲ့ ဥသျှစ်ပင်တပ်နယ်ရဲ့ ရှေ့တန်း ကာကင်းတခုဖြစ်ပြီး စစ်ကောင်စီက ဆယ်စုနှစ်တခုကြာ အခိုင်အမာ နေရာယူထားတဲ့ စခန်းတခုလည်း ဖြစ်ပါတယ်။

ဥသျှစ်ပင်တပ်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံတွေဖြစ်တဲ့ ကပစ-၃၊ ကပစ-၅၊ ကပစ-၆၊ ကပစ-၉ နဲ့ ကပစ-၁၆ တို့ တည်ရှိနေပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်းဘက်ကို ထိုးစစ်ဆင်လာပြီးနောက် တောင်ပုံကြီးစခန်း၊ မိုးထိတောင်စခန်း၊ ပန်ကန်ကွဲစခန်းနဲ့ ညောင်းကျိုးစခန်း အပါအဝင် နောက်ထပ်တပ်စခန်းငယ်တချို့ကိုလည်း သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013