
အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က ညောင်ကျိုးစခန်းကို ကျော်လာပြီး ညောင်ကျိုးနဲ့ ညောင်ခြေထောက်အကြားကို ရောက်ရှိနေပြီလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မတ်လ ဒုတိယအပတ်ကစလို့ တောင်ကုတ်-ပန်းတောင်း လမ်းပေါ်က ညောင်ကျိုးစခန်းမှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ စက်တပ်လေထီးတွေ သုံးတဲ့အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် AA ထိုးစစ်ဟာ ညောင်ခြေထောက်အနားထိ ရောက်ရှိလာတာလို့ သိရပါတယ်။
ပန်းတောင်းမြို့နယ် ဒေသခံတယောက်က “ညောင်ကျိုးက အားလုံးပိုက်မိသွားပြီလို့ ပြောလို့ရတဲ့အထဲမှာ ပါတာပေါ့။ ညောင်ခြေထောက်ကို ထိုးစစ်မြားဦး လှည့်ပြီလို့ ပြောလို့ရတယ်။ သေချာတာကတော့ ညောင်ကျိုးက သိပ်မကြာလောက်တော့ဘူးလို့ ပြောလို့ရတဲ့အထဲမှာ ပါသွားပြီ။ ကျောက်ဖူးချောင်းဘေးကနေပြီး တပ်ဆုတ်ပြေးတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ဒါကြောင့် စစ်တပ်က ညောင်ကျိုးဘက်ကို မြေပြင်တပ်ကူ မပို့ပေးနိုင်တော့ကြောင်းနဲ့ ဒဏ်ရာရသူတွေ အပါအဝင် အရာရှိတချို့ပါ ဥသျှစ်ပင်ဘက်ကို တပ်ဆုတ်လာကြောင်း သူက ဆက်ပြောပါတယ်။
ညောင်ကျိုးစခန်းဟာ ပန်းတောင်း၊ ဥသျှစ်ပင် တပ်နယ်အတွက် ကာကင်းတခုဖြစ်တာကြောင့် ဒီစခန်းသာ ကျခဲ့မယ်ဆိုရင် သံရည်ကြိုစက်ရုံဖြစ်တဲ့ ပကစ (၆) ကို တိုက်ခိုက်လို့ရသွားမှာဖြစ်သလို ပြည်ဘက်ကိုပါ ခြိမ်းခြောက်လို့ရသွားမှာဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်ပါတယ်။
ဒါကြောင့် ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခဆီ DVB က စာပေးပို့ မေးမြန်းထားပေမဲ့ ပြန်ဖြေတာ မရှိသေးပါဘူး။