Home
မြန်မာသတင်း
ကရင်နီတပ်နှင့် စစ်ကောင်စီတပ်တိုက်ပွဲကြောင့် ထိုင်းဘက် လက်နက်ကြီးကျည်ကျ 
DVB
·
March 12, 2025
photo: naewna

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ထဲမှာ မြန်မာဘက်ခြမ်းတိုက်ပွဲက လက်နက်ကြီး ကျည် ကျရောက်လာလို့  ထိုင်းစစ်တပ်က လုံခြုံရေးပိုမိုတင်းကျပ်စွာချထားတယ်လို့ မယ်ဟောင်ဆောင် ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

မယ်ဟောင်ဆောင်မြို့နယ်၊ မောက်ကျမ်ပယ်အုပ်စု၊ ဘန့်ဟွေ့မခေဆုမ့်ရွာသားတွေဟာ မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ခြံထဲဆင်းသွားစဉ် မုန်လာခင်းထဲမှာ လက်နက်ကြီးကျည် တလုံးနဲ့ အနီးနားတဝိုက်မှာလည်း ပြန့်ကျဲနေတဲ့ ကျည်အပိုင်းအစတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပြီး မယ်ဟောင်ဆောင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ စစ်တပ်၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ မတ်လ ၁၁ ရက် မနက် ၁၀ နာရီလောက်မှာ လာရောက်စစ်ဆေးခဲ့ကြတယ်။

အဲဒီအနီးနားတဝိုက်မှာလည်း နောက်ထပ်လက်နက်ကျည်တွေရှာဖွေစစ်ဆေးခဲ့ကြတယ်။ အဆိုပါနေရာနဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းမှာ တိုက်ပွဲသံတွေ ကြားနေကျဖြစ်ပေမဲ့ လက်နက်ကြီးကျည်ကျလာတာကတော့ ဒီတကြိမ်ပထမဆုံးလို့ ဆိုပါတယ်။

Naewna ထိုင်းသတင်းမှာတော့ မယ်ဟောင်ဆောင်ခရိုင်တဘက်ကမ်း မြန်မာဘက်ခြမ်းမှာ ကရင်နီတပ်မတော် ( KA)နဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်နေပြီး မတ် ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီ ၄၅ မိနစ်ထိလည်း ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။  

ခမရ ၅၁၄ မြန်မာတပ်နဲ့   ဒွိုင်ဆမ်မိုင်းရှိ SSS ပြည်သူ့စစ်တို့ ပူးပေါင်းအင်အား ၁၂၀ လောက်ဟာ ကရင်နီတပ်ရဲ့ တော်ကာဒိုစခန်းကို ဝင်တိုက်တယ်။ အစပိုင်းမှာ မြန်မာတပ်ဘက်က အဆိုပါနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ပေမဲ့ ကရင်နီတပ်ဘက်က ပြန်လည်ခုခံတိုက်ခိုက်ပြီး  စခန်းပြန်သိမ်းခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ကရင်နီတပ်ဘက်က စစ်သည် ၅ ယောက်ကျဆုံးပြီး စစ်ကောင်စီ တပ်ဘက်ကလည်း အကျအဆုံးများစွာနဲ့ နောက်ပြန်ဆုတ်သွားကာ သေနတ် ၅ လက်သိမ်းဆည်းရမိတယ်လို့ မြေပြင်သတင်းကို ကိုးကားဖော်ပြပါတယ်။

ထိုင်းစစ်တပ်ကလည်း မိမိနိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်ဖို့  ပန်မူအခြေစိုက် အမှတ် ၃၃၆ တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး မယ်‌ဟောင်ဆောင်မြို့နယ်  မောက်ကျမ် ပယ်အုပ်စု နားပါပက်ကျေးရွာတဝိုက်မှာ  ၁၂၀ မမ လက်နက်ကြီးတွေနဲ့ လုံခြုံရေးတိုးမြင့် စောင့်ကြပ်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: Naewna

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013