Home
နိုင်ငံတကာ
လေဘာတီရုပ်တု ပြန်ပေးရန် အမေရိကန်ကို ပြင်သစ်လွှတ်တော်အမတ် တောင်းဆို
DVB
·
March 17, 2025
Photo : Reuters

အမေရိကန်ကို ပြင်သစ်ပြည်သူတွေက လေဘာတီရုပ်တုကြီး လက်ဆောင်ပေးခဲ့ရတဲ့ အကြောင်းအရင်းဖြစ်တဲ့ တန်ဖိုးထားမှုတွေ အမေရိကန်မှာ မရှိတော့ဘူးဆိုရင် ဒီရုပ်တုကြီးကို ပြန်ပေးဖို့ ဥရောပပါလီမန်ရဲ့ ပြင်သစ်လွှတ်တော်အမတ်တယောက်က တောင်းဆိုလိုက်ပါတယ်။ 

“နိုင့်ထက်စီးနင်းပြုသူတွေဘက်က ရပ်ဖို့ ရွေးချယ်လိုက်တဲ့ အမေရိကန်တွေ၊ သိပ္ပံဆိုင်ရာ လွတ်လပ်ခွင့် တောင်းဆိုတဲ့ သုတေသနပညာရှင်တွေကို ဖြုတ်ပစ်ခဲ့တဲ့ အမေရိကန်တွေကို ကျုပ်တို့ပြောချင်တာကတော့ လေဘာတီရုပ်တုကြီး ကျုပ်တို့ကိုပြန်ပေးပါ” လို့ လွှတ်တော်အမတ် ရာဖေးလ် ဂလက်စ်မန်းက ပြောကြားခဲ့ပါတယ်။

၁၈၈၆ ခုနှစ်မှာ နယူးယောက်မြို့၊ နယူးယောက်ဆိပ်ကမ်း၊ လောဘတီကျွန်းမှာ စတင်ထားရှိခဲ့တဲ့ လေဘာတီရုပ်တုဟာ  ဂန္ထဝင်သစ် အနုပညာလက်ရာရုပ်တုကြီး ဖြစ်ပါတယ်။

ကြေးနီနဲ့ကွပ်ထားတဲ့ ဒီရုပ်တုကြီးကို ပြင်သစ်ပြည်သူတွေက အမေရိကန်အတွက် လက်ဆောင်အနေနဲ့ ပေးခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ဗိသုကာပညာရှင် Frédéric Auguste Bartholdi  က ဒီဇိုင်းဆွဲပေးခဲ့ပြီး အီဖယ်လ်မျှော်စင် ဆောက်ခဲ့တဲ့ ဂုစတက်ဗ် အီဖယ်လ်က  သတ္တုဖရိန်ကို တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။

၁၈၇၆ မှာ ကျရောက်မယ့် အမေရိကန်လွတ်လပ်ရေး နှစ် ၁၀၀ ပြည့် အထမ်းအမှတ်အဖြစ် သာမက အမေရိကန်ရဲ့ ဒီမိုကရေစီရေး မဆုတ်မနစ် ကြိုးစားမှုနဲ့ ကျွန်စနစ်ဖျက်သိမ်းနိုင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီရုပ်တုကြီး ဖန်တီးပြီး လက်ဆောင်ပေးဖို့ ပြင်သစ်သမိုင်းပညာရှင်၊ ကျွန်စနစ် ဖျက်သိမ်းရေးဝါဒီ Édouard de Laboulayeက စတင်အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဘက်က ထောက်ခံသူအဖြစ် ထင်ရှားတဲ့ ဂလက်စ်မန်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့ မူဝါဒအပြောင်းအလဲကို ပြင်းပြင်းထန်ထန် ဝေဖန်သူလည်း ဖြစ်ပါတယ်။

အမေရိကန်သုတေသနအဖွဲ့အစည်းတွေအပေါ် အစိုးရရန်ပုံငွေ ဖြတ်တောက်တာကိုလည်း ဂလက်စ်မန်းက ဝေဖန်ထားပါတယ်။

လက်ရှိမှာ ပြင်သစ်အစိုးရဟာ အဲဒီဖြတ်တောက်မှုကြောင့် အဖြုတ်ခံရတဲ့ ပညာရှင်အချို့ ပြင်သစ်မှာ လာအလုပ်လုပ်ဖို့ ဆွဲဆောင်ထားပါတယ်။

“အမေရိကန်တွေကို ကျုပ်တို့ပြောချင်တဲ့ ဒုတိယအချက်ကတော့ ခင်ဗျားတို့ရဲ့ အတော်ဆုံး သုတေသနပညာရှင်တွေကို ဖြုတ်ချင်တယ်ဆိုရင်၊ သူတို့လွတ်လပ်မှုနဲ့ တီထွင်ဆန်းသစ်မှုကနေ၊ သူတို့ရဲ့ သံသယနဲ့ သုတေသနကနေ ခင်ဗျားတို့နိုင်ငံကို ကမ္ဘာ့ဦးဆောင်နိုင်ငံကြီး ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့သူတွေ အကုန်လုံးကို ဖြုတ်ပစ်ချင်တယ် ဆိုရင်လည်း ကျုပ်တို့က သူတို့တွေကို ကြိုဆိုသွားမှာပါ” လို့ ဂလက်စ်မန်းက ပြောကြားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013