Home
နိုင်ငံတကာ
ဟူသီတပ်ဖွဲ့ကို အမေရိကန်က အကြီးစားစစ်ဆင်ရေး ဆင်နွှဲ
DVB
·
March 17, 2025
Photo : Reuters

ပင်လယ်နီ ရေကြောင်းပို့ဆောင်ရေးအပေါ် တိုက်ခိုက်နေမှုအပေါ် တုံ့ပြန်မှုအဖြစ် ယီမင်နိုင်ငံက ဟူသီတပ်ဖွဲ့ကို ပစ်မှတ်ထားတဲ့ အကြီးစားစစ်ဆင်ရေးတရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၅ ရက်မှာ စတင်လိုက်ပါတယ်။

အခုစစ်ဆင်ရေးဟာ ထရမ့်ပ် သမ္မတဖြစ်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ အကြီးဆုံးစစ်ဆင်ရေးဖြစ်ပြီး ရက်သတ္တပတ်ချီ ကြာမြင့်နိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“ဟူသီအကြမ်းဖက်သမားတွေ အားလုံးကို သတိပေးလိုတာက မင်းတို့ အချိန်စေ့ပြီ၊ မင်းတို့ရဲ့ တိုက်ခိုက်မှုတွေ ဒီနေ့စရပ်ရမယ်။ ဒီလိုမလုပ်ရင် မင်းတို့ တခါမှမမြင်ဘူးတဲ့ ငရဲမိုးကြီး မင်းတို့အပေါ် ရွာချလိမ့်မယ်” လို့ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

စစ်ဆင်ရေး စတင်ချိန်မှာပဲ အမေရိကန်တိုက်ခိုက်မှုကြောင့် ၃၁ ယောက်ထက်မနည်း သေဆုံးပြီး ၁၀၁ ယောက် ဒဏ်ရာရခဲ့ကာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဟူသီကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဟူသီနိုင်ငံရေးဗျူရိုကလည်း အခုတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဟူသီတပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံ နေရာအများစုကို ဆယ်စုနှစ်တခုကျော် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

၂၀၂၃ နိုဝင်ဘာကစလို့ ကမ်းရိုးတန်းက ဖြတ်သန်းသွားလာတဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။

ဟူသီတွေဟာ အမေရိကန် စစ်သင်္ဘောတွေကို ၁၇၄ ကြိမ်၊ ကုန်သွယ်ရေးရေယာဉ်တွေကို ၁၄၅ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ဟူသီတွေကတော့ ဒီတိုက်ခိုက်မှုတွေဟာ ဂါဇာကမ်းမြောင်က အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ ပါလက်စတိုင်းတွေဘက်က ရပ်တည်ကြောင်း ပြသတာလို့ ထုတ်ပြန်ထားပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်ကတည်းက ဟူသီတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ ထရမ့်ပ်ကို ပိုပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။

ယီမင်နိုင်ငံ နေရာအများစုကို ထိန်းချုပ်ထားနိုင်တဲ့ ဟူသီအဖွဲ့ရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ အီရန်အနေနဲ့လည်း အဖွဲ့အပေါ် ပံ့ပိုးမှုတွေ ချက်ချင်းရပ်ဆိုင်းရမယ်လို့ ထရမ့်ပ်က သတိပေးလိုက်ပါတယ်။

အကယ်ရွေ့သာ အီရန်က အမေရိကန်ကို ခြိမ်းခြောက်မယ်ဆိုရင် အပြည့်အဝ တာဝန်ယူရမှာဖြစ်ပြီး သဘောကောင်းနေမှာ မဟုတ်ဘူးလို့လည်း ထရမ့်ပ်က ဆိုပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ တပ်မှူးချုပ်ကတော့ ဟူသီတွေဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် မဟာဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှု ဆုံးဖြတ်ချက်ကို သူတို့ဘာသာ ချလိမ့်မယ်လို့ တုံ့ပြန်ပါတယ်။

ဒါပေမဲ့ အီရန်ကို ခြိမ်းခြောက်ရုံသက်သက်မဟုတ်ဘဲ တကယ်လုပ်လာရင်တော့ အီရန်ဘက်ကလည်း ခိုင်ခိုင်မာမာ၊ ဖျက်အားပြင်းပြင်း တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013