
အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၆ ယောက်ကို ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း BSS News သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တက္ကနတ်ဖ်တပ်ရင်းရဲ့ ညှိနှိုင်းမှုနဲ့ မတ် ၁၅ ရက် မွန်းလွဲပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး အဲဒီနောက် သူတို့ကို ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က တက္ကနတ်ဖ်-မြန်မာ ကူးသန်းသွားလာရေး ဆိပ်ခံတံတားကို ပို့ဆောင်ခဲ့တယ်လို့ ဒုတိယဗိုလ်မှူးကြီး အာရှီကာ ရာမန်က ပြောပါတယ်။
အဆိုပါ ငါးဖမ်းသမားတွေဟာ အုပ်စုအသီးသီးနဲ့ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ သီးခြားစီ သူတို့ရဲ့ လှေတွေနဲ့ ငါးဖမ်းကြရင်း မြန်မာ့ရေပိုင်နက်ထဲကို အမှတ်မထင်ဘဲ ကျူးကျော်ဝင်ရောက်မိချိန်မှာ AA က ဖမ်းဆီးခဲ့တာလို့ သူက ပြောပါတယ်။
ဖမ်းဆီးခံ ငါးဖမ်းသမားတွေရဲ့ မိသားစုတွေက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ဆီ ဆက်သွယ် အကူအညီ တောင်းခံခဲ့ကြတာဖြစ်ပြီး AA နဲ့ ဆက်သွယ်ဆွေးနွေးပြီးတဲ့နောက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
အချိန်အတော်ကြာ စေ့စပ်ညှိနှိုင်းပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို AA က ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး သိမ်းဆည်းရမိတဲ့ ငါးဖမ်းစက်လှေကိုလည်း ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ငါးဖမ်းသမားတွေကို သူတို့ရဲ့မိသားစုတွေဆီ လွှဲပြောင်းပေးမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေသလို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အနေနဲ့ နယ်စပ်လုံခြုံရေးနဲ့ ယှဉ်တွဲပြီးတော့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို အမြဲတစေ ကြပ်မတ်ဆောင်ရွက်နေတဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းမှုတွေကြောင့် အာရက္ခတပ်တော် (AA) က ဖမ်းဆီးအရေးယူမှုတွေရှိသလို နှစ်ဖက် တာဝန်ရှိသူတွေအကြား ဆက်သွယ်မှုပြုလုပ်ပြီး ပြန်လွှတ်ပေးတာတွေလည်း ရှိနေတာပါ။
ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မောင်တောမြို့နယ်ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ပိုင်း ၂ နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နေတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် (AA) က ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ပြီး ငါးခိုးဖမ်းဖို့ ဝင်ရောက်လာတဲ့ ဘယ်သူကိုမဆို တရားဥပဒေနဲ့အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ တရားဝင် ထုတ်ပြန်ထားပါတယ်။