Home
နိုင်ငံတကာ
သောင်တင်နေသည့် အာကာသယာဉ်မှူး ၂ ဦးကို ကမ္ဘာမြေသို့ ပြန်ခေါ်မည့်ယာဉ် ဆိုက်ကပ်
DVB
·
March 17, 2025
Photo : NASA TV

အာကာသယာဉ်မှူးတွေ လိုက်ပါလာတဲ့ အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီက အာကာသယာဉ်ဟာ မတ် ၁၆ ရက်က နိုင်ငံတကာသစခန်း (ISS) မှာ ဆိုက်ကပ်နိုင်ခဲ့ပါတယ်။

ဘိုးအင်း အာကာသယာဉ် ချွတ်ယွင်းမှုကြောင့် သောင်တင်နေခဲ့တဲ့ အာကာသယာဉ်မှူး ၂ ယောက်လည်း ဒီယာဉ်နဲ့အတူ ကမ္ဘာမြေကို အခုအပတ်ထဲ ပြန်လည်လိုက်ပါနိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသားအာကာသအေဂျင်စီ (နာဆာ) က ဘုချ်ဝီလ်မိုးရ်နဲ့ ဆူနီး ဝီလျံစ်တို့ဟာ ဘိုးအင်းကုမ္ပဏီကထုတ်တဲ့ Starliner အာကာသယာဉ်နဲ့ လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။

ISS စခန်းမှာ ၈ ရက်နေဖို့ ရည်ရွယ်ခဲ့ပေမဲ့ Starliner ယာဉ်ရဲ့ ချွတ်ယွင်းချက်ကြောင့် ကမ္ဘာမြေ မပြန်နိုင်ဖြစ်ခဲ့ပြီး ၉ လကြာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ယာဉ်ကို လူမပါဘဲ အလွတ်ပြန်လွှတ်ခဲ့ပါတယ်။

ဒါကြောင့် အီလွန်မတ်စ်ခ်ရဲ့ SpaceX ကထုတ်တဲ့ Crew Dragon ယာဉ်က အခြားယာဉ်မှူးတွေကို အာကာသစခန်းကို လာရောက်ပို့ဆောင်ချိန်မှသာ ပြန်ခွင့်ရတာ ဖြစ်ပါတယ်။

သောင်တင်နေသူ ၂ ယောက်ကို သီးခြားပြန်မခေါ်တော့ဘဲ စခန်းမှာနေတဲ့ အာကာသယာဉ်မှူးတွေ ပုံမှန်အပြောင်းအလဲလုပ်တဲ့ အစီအစဉ်နဲ့ တပါတည်းပြန်ခေါ်ဖို့ နာဆာက ဆုံးဖြတ်ခဲ့ပါတယ်။

အခု SpaceX ယာဉ် အပြန်ခရီးမှာ သောင်တင်နေသူ ၂ ယောက်နဲ့အတူ နာဆာက နောက်ထပ်တယောက်၊ ရုရှားကတယောက်ပါ ပြန်လိုက်ကြမှာ ဖြစ်ပါတယ်။

သူတို့နေရာမှာ အမေရိကန်က ၂ ယောက်၊ ရုရှားက တယောက်၊ ဂျပန်က တယောက် အစားဝင် တာဝန်ယူမှာ ဖြစ်ပါတယ်။

၂ ရက်ကြာ တာဝန်လွှဲပြောင်းမှုလုပ်ငန်းစဉ် ပြီးရင် ပြန်လာကြမှာ ဖြစ်ပေမဲ့ ကမ္ဘာမြေကို ပြန်လာဖို့ အဝင်လမ်းကြောင်းသင့်တဲ့အထိ ရက်အနည်းငယ်တော့ စောင့်ရမယ်လို့ သိရပါတယ်။

သူတို့ ၂ ယောက်စလုံးကို ဒီထက်စောစော ပြန်ခေါ်နိုင်ပေမဲ့ ‘ဘိုင်ဒင်’ ကြောင့် ရက် ၃၀၀ လောက် နေလိုက်ရတာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ SpaceX CEO အီလွန်မတ်စ်ခ်တို့က Fox News နဲ့ အင်တာဗျူးမှာ စွပ်စွဲထားပါတယ်။

နာဆာတာဝန်ရှိသူ စတိဗ်စတစ်ချ်ကတော့ အဲဒီပြောဆိုချက်ကို ငြင်းထားပြီးတော့ ဒီလိုကြာမြင့်တာဟာ SpaceX အပါအဝင် အကုန်လုံးနဲ့ညှိပြီးမှ အကောင်းဆုံးစီစဉ်ခဲ့တာလို့ ဖြေရှင်းပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013