Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် နေကြာအထွက်နှုန်းကျပြီး တောင်သူများအခက်ကြုံနေ
DVB
·
March 15, 2025
photo: တော်ဝင်

ဧရာဝတီတိုင်းမှာ ဆီထွက်သီးနှံနေကြာတွေ အထွက်နှုန်းကျဆင်းနေတာကြောင့် ဒေသခံတောင်သူတွေ အခက်အခဲတွေ့နေတယ်လို့ နေကြာစိုက်တောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာစိုက်ပျိုးထားတဲ့ ဆီထွက်သီးနှံနေကြာတွေ စတင်သိမ်းဆည်းနေတဲ့အချိန်ဖြစ်ပြီး အရင်နှစ်တွေက နေကြာ တဧကကို ပျှမ်းပျှ ၂၁ တင်းနဲ့အထက် ထွက်ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ နေကြာတဧကကို ပျှမ်းမျှ ၈ တင်းအထိပဲ အများဆုံး ထွက်ရှိတော့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က တောင်သူတယောက်က “အခုနှစ် ၁ ဆ ၂ ဆ လျော့ကျနေတယ်။ မြတ်ဖို့မပြောနဲ့၊ စက်သုံးဆီဖိုးတောင် မနည်းရအောင် ပြန်လုပ်နေရတယ်။ အဓိက ကတော့ ရာသီဥဖောက်ပြန်တာနဲ့ စစ်တပ်အာဏာသိမ်းတာကြောင့် စိုက်ပျိုးရေးသုံးဆေးဝါးတွေကောင်းကောင်း မသုံးနိုင်တာကြောင့် ဒုက္ခတွေရောက်ရတာ။ ဈေးကတော့ မဆိုးပါဘူး” လို့ ပြောပါတယ်။

နေကြာအထွက်နှုန်းကျဆင်းတာဟာ ဧရာဝတီတိုင်းတွင်း ဖြစ်ပွားခဲ့တဲ့ ရာသီဥတုဖောက်ပြန်မှုတွေ၊ ဖျက်ပိုးတွေကိုက်ဖျက်တာ၊ စစ်တပ်ကအာဏာသိမ်းတာကြောင့် စိုက်ပျိုးရေး သွင်းအားစုဈေးတွေ ထိုးတက်နေပြီး သီးနှံတွေအထွက်ကောင်းစေဖို့၊ ပိုးမွှားအန္တရာယ်မကျရောက်စေဖို့ သုံးနေကျ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ အပြည့်အဝမသုံးစွဲနိုင်တာနဲ့ ဒေသမတည်ငြိမ်မှုတွေကြောင့် လယ်ယာလုပ်ငန်းတွေကို စနစ်တကျမလုပ်နိုင်တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

မအူပင်မြို့နယ်က လယ်သမားတယောက်က “နေကြာကို မစိုက်ချင်ဘူး။ အဆင်မပြေဘူးဆိုတာ သိလို့လေ။ အစိုးရက စိုက်ခိုင်းလို့သာ စိုက်ရတာ။ ဒီပုံစံအတိုင်းဆို မလွယ်တော့ဘူး။ နေကြာစိုက်ရတာက အဆင်မပြေ၊ အထွက်လျော့တဲ့ဒဏ်ခံနေရတဲ့အပြင် ဘာမှ ပံ့ပိုးတာလည်း မရဘူးဖြစ်နေတယ်။ ချေးငွေတွေလည်းအသစ်မလာတဲ့အပြင် အဟောင်းတောင် အတင်းဖိအားပေး တောင်းနေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဆီထွက်သီးနှံနေကြာတတင်းကို ကျပ် ၆၈,၀၀၀ အထိဈေးပေါက်ပြီး အရင်နှစ်တွေက နေကြာ တတင်းကို ကျပ် ၄၀,၀၀၀ ကနေ ၅၅,၀၀၀ အထိဈေးပေါက်ခဲ့ပြီး အရည်အသွေးနဲ့ သန့်ရှင်းမှုအပေါ် ဈေးနှုန်းအနိမ့်အမြင့်ရှိတယ် လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ တောင်သူတွေဟာ နေကြာတွေ အထွက်နှုန်းကျဆင်းနေတဲ့အပြင် လယ်ယာသုံး စက်သုံးဆီလိုသလောက်ဝယ်မရတာ၊ စက်သုံးဆီဈေးတွေပြန်မကျသေးတာ၊ ဓာတ်မြေသြဇာဈေးတွေ ပြန်မကျတာ၊ အရင်ကချေးထားတဲ့ချေးငွေတွေကို အတင်းတောင်းနေတာ စတဲ့အခြေအနေ အခက်အခဲတွေနဲ့လည်း ကြုံနေရတယ်လို့ သိရပါတယ်။

နိုင်ငံတော်စားသုံးဆီ လိုအပ်ချက်ဖြည့်ဆည်းဖို့အတွက် ပြည်ပကနေ ဆီတင်သွင်းရတာ လျော့ကျစေဖို့ဆိုပြီး စစ်ကောင်စီက ဧရာဝတီတိုင်းမှာ စပါး စိုက်ပျိုးပြီးရင် နေကြာကို ဧက သိန်းချီ ဖိအားပေး စိုက်ပျိုးခိုင်းခဲ့တာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013