
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက် စက်သုံးဆီဈေးနှုန်းဟာ တလီတာကို ကျပ် ၃,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိ ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း စတဲ့ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ စက်သုံးဆီ တလီတာကို ကျပ် ၇,၀၀၀ အထိ ဈေးတက်လာပြီး တိုက်ပွဲတွေမဖြစ်ခင်က စက်သုံးဆီတလီတာ ကျပ် ၄,၀၀၀ ဝန်းကျင်အထိသာ ဈေးရှိတယ်လို့ ဆိုပါတယ်။
ငါးသိုင်းချောင်းဒေသခံတယောက်က “အဓိကကတော့ စက်သုံးဆီနဲ့ စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားတော့ ဒီဘက်မှာ ဈေးထိုးတက်နေတာပါ” လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ် တောင်ပိုင်း အစွန်ဆုံးနဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့အစပ် ဂွမြို့ကို သိမ်းပိုက်ပြီးနောက် ရခိုင်-ဧရာဝတီ ထိစပ်ဒေသတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစလို့ မဟာမိတ်တွေနဲ့အတူ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး စစ်ကောင်စီက ဧရာဝတီတိုင်း ငါသိုင်းချောင်းမြို့ကနေ ရခိုင်ပြည်နယ်၊ ဂွမြို့ကို စက်သုံးဆီနဲ့ စားသောက်ကုန် သယ်ယူပို့ဆောင်ခွင့်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစတင်ပြီး ကန့်သတ်ပိတ်ပင်ထားတာလို့ သိရပါတယ်။
ရေကြည်ဒေသခံ လုပ်ငန်းရှင်တယောက်က “ငါးသိုင်းချောင်းမြို့အထွက် ပုသိမ်-မုံရွာလမ်းနဲ့ ငါးသိုင်းချောင်း-ဂွ လမ်းဆုံမှာရှိတဲ့ ရေနံသာဂိတ်မှာ ကုန်စည်သယ်ယူတာကို နေ့တိုင်းစစ်ဆေးပြီး ပိတ်ထားတာ။ တဖက်ကို ကုန်စည်မရောက်အောင် တားမြစ်ထားတာပေါ့” လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့က မိုင် ၅၀ ကျော်သာကွာဝေးပြီး လက်ရှိ ငါးသိုင်းချောင်းမြို့က စစ်ကောင်စီ အမြောက်တပ်ရင်း ၃၄၄ အနီးမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငါးသိုင်းချောင်း-ဂွ လမ်းပိုင်းမှာရှိတဲ့ ရေနံ့သာ စစ်ဆေးရေးဂိတ်ကလည်း ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အရပ်သားတွေကို တင်းကျပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီးတိုင်း အတွင်းအဝင်မခံ ပြန်လွှတ်နေတယ်လို့ ဆိုပါတယ်။