Home
မြန်မာသတင်း
စဉ့်ကူးကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၊ ကလေးငယ်များအပါအဝင် ၂၇ ဦးသေဆုံး
DVB
·
March 15, 2025
photo: Mandalay- PDF
photo: Mandalay- PDF
photo: Mandalay- PDF
photo: Mandalay- PDF
photo: Mandalay- PDF
photo: Mandalay- PDF
photo: Mandalay- PDF
photo: Mandalay- PDF

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ လက်ပံလှရွာကို စစ်ကောင်စီလေတပ်က  မတ် ၁၄ ရက် မွန်းလွဲ ၃ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၆ ယောက် အပါအဝင် ၂၇ ယောက် သေဆုံးခဲ့ပြီး အယောက် ၃၀ လောက် ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးက ထုတ်ပြန်ပါတယ်။

ကလေးငယ် ၂ ယောက်အပါအဝင် ၁၁ ယောက်သေဆုံးတယ်လို့ ထုတ်ပြန်ပြီးမကြာခင်မှာပဲ ၂၇ ယောက်သေဆုံးတယ်လို့ ပြင်ဆင်ထုတ်ပြန်လာတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးရဲ့ ပြောရေးဆိုခွင့်ရှိသူက “လက်ရှိ နောက်ဆုံးအတည်ပြုနိုင်တဲ့စာရင်းအရဆိုရင်တော့ ၂၇ ဦးအထိ ရှိသွားပါပြီဗျ။ ကျား၊ မ ကတော့ အသေးစိတ်သိဖို့ လောလောဆယ်တော့ မလွယ်ကူသေးဘူးခင်ဗျ” လို့ မတ် ၁၄ ရက် ညပိုင်းမှာ DVB ကို ပြောပါတယ်။

မန္တလေး - မိုးကုတ် လမ်းပေါ်က ရွာကြီးတရွာဖြစ်တဲ့ လက်ပံလှရွာရဲ့ လူစည်ကားရာ ဈေးဆိုင်တန်းကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မတ် ၄ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး ဇန်နဝါရီ ၃၁ ရက် မနက်အစောပိုင်းကလည်း စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စဉ့်ကူးမြို့နယ်ဟာ ပြီးခဲ့တဲ့နှစ်ကပဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်စိုးမိုးထားတာဖြစ်ပြီး ဒီလိုနယ်မြေတွေမှာ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်က တစထက်တစ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013