Home
နိုင်ငံတကာ
လူနေရပ်ကွက်ကို မှားယွင်းဗုံးကြဲခဲ့မှုဖြင့် တောင်ကိုရီးယား လေယာဉ်မှူး ၂ ဦးကို စွဲချက်တင်
DVB
·
March 13, 2025
Photo : KOREA POOL / REUTERS

တောင်ကိုရီးယား စစ်ဖက်စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်ရေးလေ့ကျင့်မှု တခုအတွင်း အရပ်သားနယ်မြေအပေါ် မတော်တဆ မှားယွင်းဗုံးကြဲချမိခဲ့တဲ့ လေတပ်က တိုက်လေယာဉ်မှူး ၂ ယောက်ကို မတ် ၁၃ ရက်မှာ ရာဇ၀တ်မှုဆိုင်ရာ ပေါ့ဆမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ နယ်စပ်အနီးမှာ တိုက်ရိုက်ပစ်ခတ်မှု လေ့ကျင့်ခန်းအတွင်း တိုက်လေယာဉ် ၂ စင်းဟာ လမ်းညွှန်မပါတဲ့ ဝေဟင်မှ မြေပြင်ပစ် ဗုံး ၈ လုံးကို ပစ်လွှတ်ခဲ့တာမှာ ဖိုချွန်းမြို့ရှိ ရွာတရွာပေါ်ကို ကျရောက်သွားပြီး အဲဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသား တယောက်အပါအဝင် လူ ၂၉ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီးတော့ နေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ အီကျောင်းဟိုက “ထိခိုက်ဒဏ်ရာရရှိမှုအတွက် စစ်ရေးတာဝန်ထမ်းဆောင်နေချိန်အတွင်း ပြစ်မှုဆိုင်ရာပေါ့ဆမှု စွဲချက်အပြင် တချို့ တိုက်ခိုက်ရေး အဆောက်အအုံတွေနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေလည်း တစိတ်တပိုင်း ပျက်စီးသွားတာတွေကြောင့် အဲဒါတွေအတွက်လည်း လေယာဉ်မှူး၂ ဦးကို သက်ဆိုင်ရာ စွဲချက်တွေလည်း တင်ထားပါတယ်” လို့ ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှုခင်းစုံစမ်းစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ လေသူရဲတွေဟာ လေယာဉ်စနစ်အတွင်းကို ကိုသြဒိနိတ်အမှတ်တွေကို ထည့်သွင်းချိန်မှာ အမှားတွေ လုပ်ထားမိတာက မတော်တဆ ဗုံးကြဲချမိမှုရဲ့ နောက်ကွယ်က တိုက်ရိုက်အကြောင်းအချက်တွေ ဖြစ်ကြောင်း ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားလေတပ်ရဲ့ ပြည်သူ့ရေးရာ တာဝန်ရှိသူ ချန်ဒုံးဟာက “ကိုသြဒိနိတ်အမှတ်တွေကိုလည်း မှန်မှန်ကန်ကန် မစစ်ဆေးဘဲ၊ ပစ်ခတ်မှုရဲ့ နောက်ဆုံးအဆင့်မှာ ပစ်မှတ်ကို မျက်စိနဲ့ သေချာထပ် မစစ်ဆေးဘဲ လက်နက်ကို ပစ်ချလိုက်တာကြောင့်ဖြစ်တယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024