
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ဖမ်းဆီးလိုက်နိုင်တာဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အတွက်သာမက ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေး (Universal Jurisdiction) အတွက်ပါ အင်မတန်အရေးကြီးတဲ့ သမိုင်းစာမျက်နှာသစ် ဖြစ်ပါတယ်။
ဒူတာတေးဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ကို လွှဲပြောင်းခံရတဲ့ အရှေ့တောင်အာရှက ပထမဆုံး နိုင်ငံ့ခေါင်းဆောင် ဖြစ်ပါတယ်။ ICC က ပြန်ထွက်ထားရုံနဲ့၊ ICC အဖွဲ့ဝင် မဟုတ်ရုံနဲ့ တရားစီရင်မှုကနေ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလို့ ပြသနိုင်တဲ့ ဥပမာကောင်းလည်း ဖြစ်လာပါတယ်။
ICC ကို နားလည်ခြင်း
“၂၀၀၂ ခုနှစ်မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ တည်ထောင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနဲ့ ရန်လိုကျူးကျော်မှု ဆိုတဲ့ ရာဇဝတ်မှုတွေအတွက် လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုဖို့ ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး အမြဲတမ်းခုံရုံး ဖြစ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု ရှိရေးဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ကို ကိုယ်စားပြုပါတယ်။ နိုင်ငံနဲ့ချီတဲ့ ရာဇဝတ်မှုကြီးတွေမှာ အဓိက ကျူးလွန်တဲ့ လူပုဂ္ဂိုလ်ကို တနိုင်ငံချင်းစီရဲ့ တရားစီရင်ရေးစနစ်တွေက စီရင်ဖို့ ပျက်ကွက်နေတဲ့အခါ၊ ဒါမှမဟုတ် စီရင်နိုင်စွမ်းမရှိတဲ့အခါ ဖြည့်စွက်စီရင်ပေးရတာမျိုး ဖြစ်ပါတယ်။ ဒါကိုပဲ ဖြည့်စွက်တရားစီရင်ပိုင်ခွင့် Complementary jurisdiction လို့ သုံးစွဲပါတယ်။
လက်ရှိမှာ အဖွဲ့ဝင်နိုင်ငံ ၁၂၅ နိုင်ငံနဲ့ တနှစ်ကို ယူရို ၁၉၅ သန်းခန့် ဘတ်ဂျက်နဲ့ လည်ပတ်နေတဲ့ ICC ဟာ ပြစ်ဒဏ်ကင်းလွတ်နေတဲ့သူတွေကို ကိုင်တွယ်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ ထိရောက်မှုနဲ့ မျှတမှုကတော့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ အစောပိုင်းမှာ အာဖရိကခေါင်းဆောင်တွေကိုချည်းပဲ ပစ်မှတ်ထားတာ များတဲ့အတွက် နယ်ချဲ့စနစ်သစ်လို့ စွပ်စွဲခံခဲ့ရသလို အာဖရိကနိုင်ငံတွေကြားမှာလည်း ယုံကြည်မှု ထိခိုက်ခဲ့ရပါတယ်။ ဒီနေ့အခါမှာတော့ ICC က ကိုင်တဲ့အမှုတွေဟာ နေရာစုံမှာ ရှိလာပြီးတော့ ပါလက်စတိုင်း၊ ယူကရိန်း၊ ဗင်နီဇွဲလား၊ မြန်မာနဲ့ လတ်တလောမှာ အထင်ရှားဆုံး ဖိလစ်ပိုင် အထိပါ ကျယ်ပြန့်လာပါတယ်။
ICC ဟာ ကမ္ဘာတလွှားမှာ အမှုပေါင်း ၃၂ မှုပဲ ကိုင်တွယ်ဖူးပါတယ်။ လက်ရှိအချိန်အထိ ICC က ၁၁ ဦးကိုပဲ အပြစ်ရှိကြောင်း ဆုံးဖြတ်ထားနိုင်ပြီးတော့ ၄ ဦးကိုတော့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ သည်ဟိတ်ဂ်မှာရှိတဲ့ ထိန်းသိမ်းရေးစင်တာမှာ လူ ၂၁ ဦး ထိန်းသိမ်းထားပြီးတော့ မဖမ်းနိုင်သေးတာကတော့ ၃၁ ဦး ရှိပါတယ်။ သေဆုံးသွားလို့ အမှုပိတ်ပေးလိုက်တာကတော့ ၇ ဦး ရှိပါတယ်။ အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ခဲ့တဲ့ ၁၁ ဦးမှာ ၆ ဦးကပဲ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို အဓိကပြစ်မှုတွေနဲ့ ပတ်သက်ပါတယ်။ ကျန်တဲ့သူတွေကတော့ သက်သေလိမ်လည်တာလိုမျိုး ဆက်စပ်ပြစ်မှုတွေပဲ ဖြစ်ပါတယ်။ အဲဒီ အပြစ်ပေးနိုင်ခဲ့တဲ့ ၆ ဦးစလုံးကလည်း (DR ကွန်ဂို)၊ မာလီနဲ့ ယူဂန္ဓာက အာဖရိက စစ်သွေးကြွခေါင်းဆောင် အမျိုးသားတွေချည်းပဲ ဖြစ်ပါတယ်။ ထောင်ဒဏ်ကတော့ ၉ နှစ်ကနေ အနှစ် ၃၀ အထိ ချမှတ်ခဲ့ဖူးပါတယ်။ အမြင့်ဆုံးပေးနိုင်တဲ့ ပြစ်ဒဏ်ကတော့ တသက်တကျွန်းဖြစ်ပြီး သေဒဏ်မရှိပါဘူး။
ဒူတာတေး ဖမ်းဆီးခံရမှု
“မူးယစ်ဆေးဝါးတိုက်ဖျက်ရေး” စစ်ပွဲမှာ လူ ၆,၀၀၀ ကနေ ၃၀,၀၀၀ လောက်အထိ ဥပဒေပ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်အတွက် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ရုံးတင်စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အညှာတာမဲ့ ရက်ရက်စက်စက် နှိမ်နင်းမယ်ဆိုတဲ့ ကတိနဲ့ ဒူတာတေးဟာ ၂၀၁၆ မှာ သမ္မတ ဖြစ်လာခဲ့ပါတယ်။ မနီလာပင်လယ်အော်မှာ အလောင်းတွေပုံနေမှာဖြစ်လို့ ငါးတွေတောင် ဝဖြိုးလာလိမ့်မယ်လို့ ကြွေးကြော်ခဲ့သူ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့ ရည်ရွယ်ချက် ကောင်းပေမဲ့ ရုံးမတင်၊ တရားမဝင်ဘဲ ဥပဒေပ သတ်ဖြတ်ခဲ့မှုတွေကြောင့် ၂၀၁၈ ကတည်းက ICC က စုံစမ်းစစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ မြို့ပြဆင်းရဲသားရပ်ကွက်တွေက အမျိုးသားတွေဖြစ်ပြီး လမ်းမပေါ်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေ၊ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တိုက်ခိုက်သူတွေရဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ICC ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဒူတာတေး ဒါဗာအိုမြို့တော်ဝန် လုပ်ခဲ့ချိန်ကနေ သမ္မတဖြစ်ပြီးတဲ့နောက် ICC ကနေ ဖိလစ်ပိုင် နုတ်ထွက်ခဲ့တဲ့ ၂၀၁၉ မတ်လအထိ မူးယစ်နှိမ်နင်းရေးခေါင်းစဉ်အောက်က ဥပဒေပ သတ်ဖြတ်မှုတွေ ပါဝင်ပါတယ်။
ဒါကြောင့်လည်း ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံကို ICC အဖွဲ့ဝင် အဖြစ်ကနေ ၂၀၁၉ မှာ နုတ်ထွက်စေခဲ့ပါတယ်။ အဲဒီလို နုတ်ထွက်ခဲ့လို့ လက်ရှိမှာ ဖိလစ်ပိုင်က အဖွဲ့ဝင်မဟုတ်တော့ပေမဲ့ လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ICC ရှေ့နေချုပ် ကာရင်မ်ခန်း
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲလို့ ခေါ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဖိလစ်ပိုင်အခြေအနေကို ရုံးက စစ်ဆေးနေခဲ့တာ ကြာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဒုတိယရှေ့နေချုပ် Mandiaye Niang ရဲ့ ကြီးကြပ်မှုအောက်က အဖွဲ့ကနေပြီးတော့ ရုံးတင်မှုအကြို စွဲချက်တင်ဖို့ သင့်၊ မသင့် ဆုံးဖြတ်တဲ့ တရားသူကြီးအဖွဲ့ထံကို ဝရမ်းလျှောက်လွှာ တင်သွင်းခဲ့ပါတယ်။ တရားသူကြီးတွေက ဝရမ်းထုတ်ပေးပြီးတော့ ဝရမ်းကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဝရမ်းထုတ်ရာမှာ မစ္စတာ ဒူတာတေးဟာ ဒါဗာအိုမြို့တော်ဝန်အဖြစ် ဒါဗာအိုသေမင်းတပ်ဖွဲ့လို့ ခေါ်တဲ့အဖွဲ့ကို ထူထောင်သူ၊ အကြီးအကဲအနေနဲ့ရော နောင်မှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ဖိလစ်ပိုင်သမ္မတအဖြစ်ရော လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယုံကြည်လောက်စရာ အကြောင်းခိုင်လုံတယ်လို့ တရားသူကြီးတွေက တွေ့ရှိပါတယ်။
ပူတင်မှသည် မင်းအောင်လှိုင်ဆီသို့
ဒူတာတေး အဖမ်းခံရတာဟာ ICC ပိုအားကောင်းလာတာကို ဖော်ပြရာရောက်ပါတယ်။ လက်ရှိမှာ ICC ဝရမ်းထုတ်ခံထားရတဲ့အထဲ အထင်ရှားဆုံးကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ ဖြစ်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင် အတွက် ဖမ်းဝရမ်းမှာ…
ဗလာဒီမာပူတင်
လွတ်မြောက်နေဆဲ
မွေးသက္ကရာဇ် - ၁၉၅၂ ခုနှစ် အောက်တိုဘာလ ၇ ရက်
ရုရှားဖက်ဒရေးရှင်း သမ္မတ
ရုရှားဖက်ဒရေးရှင်းက သိမ်းပိုက်ထားသည့် ယူကရိန်းဒေသများမှနေ၍ ကလေးသူငယ်များကို တရားမဝင် ပြည်နှင်မှုနှင့် ကလေးသူငယ်များကို တရားမဝင် လွှဲပြောင်းခဲ့မှုအတွက် (ရောမစာချုပ်ရဲ့ ပုဒ်မ ၈(၂)(က)(၇) နဲ့ ၈(၂)(ခ)(၈) အရ) စစ်ရာဇဝတ်မှု ကျူးလွန်သည်ဆိုသော စွဲချက်အတွက် တာဝန်ရှိသူ၊ အဆိုပါရာဇဝတ်မှုများကို အနိမ့်ဆုံးအားဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေတွင် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူ။
မစ္စတာ ပူတင်သည် အဆိုပါပြစ်မှုများကို
(၁) (ရောမစာချုပ် ပုဒ်မ ၂၅(၃)(က) အရ)၊ သူကိုယ်တိုင် တိုက်ရိုက်ဖြစ်စေ၊ အခြားသူများနှင့် အတူဖြစ်စေ၊ အခြားသူများမှ တဆင့်ဖြစ်စေ ကျူးလွန်ခဲ့မှုအတွက်နှင့်
(၂) (ရောမစာချုပ် ပုဒ်မ ၂၈(ခ) အရ) အထက် တာဝန်ယူမှုအရ အထက်လူကြီးအနေဖြင့် တာဝန်ရှိမှုအရ၊ အဆိုပါအမှုများကို ကျူးလွန်ခဲ့သည့် သို့မဟုတ် ကျူးလွန်ရန်ခွင့်ပြုခဲ့သည့်၊ သူ၏ သက်ရောက်မှုရှိသော အာဏာပိုင်မှုနှင့် ထိန်းချုပ်မှုအောက်ရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ လက်အောက်ငယ်သားများကို သင့်လျော်စွာ ထိန်းချုပ်ရန် ပျက်ကွက်မှုအတွက်
တသီးပုဂ္ဂလအနေဖြင့် ပြစ်မှုကြောင်းအရ တာဝန်ရှိသည်ဟု ယုံကြည်လောက်စရာ ခိုင်လုံသော အကြောင်းပြချက် ရှိပေသည်လို့ ပါရှိပါတယ်။
နေတန်ယာဟု ကတော့ ဂါဇာမှာ နှိပ်စက်ညှဉ်းပန်းတာ၊ အဓမ္မ ငတ်မွတ်ခေါင်းပါးအောင်လုပ်တာ အပါအဝင် စွဲချက်တွေနဲ့ ရင်ဆိုင်နေရသလို ပူတင်ကလည်း ယူကရိန်းကလေးငယ်တွေကို အဓမ္မ နှင်ထုတ်တာ၊ လွှဲပြောင်းယူတာနဲ့ ပတ်သက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။ နေတန်ယာဟုနဲ့အတူ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်တွေကိုပါ ဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
လန်ဒန် စီးပွားရေးတက္ကသိုလ်မှ နိုင်ငံတကာ ဥပဒေပါမောက္ခ ဂေရီ ဆင်မ်ဆန်က “အမှန်တော့ အဲဒီနိုင်ငံနှစ်ခုမှာ အစိုးရအပြောင်းအလဲ၊ တကယ့်ကို အခြေခံကျတဲ့ အစိုးရအပြောင်းအလဲ ဖြစ်မှသာ နေတန်ယာဟု ဒါမှမဟုတ် ပူတင်ကို ဖမ်းပြီးတော့ ICC ကို လွှဲပြောင်းပေးမယ့် အခြေအနေ ရောက်မှာပါ။ ဒါပေမဲ့ ဒီလိုတွေက ဖြစ်တတ်ပါတယ်။ နိုင်ငံရေးမှာ အချိန်တိုအတွင်း ဘာမဆို ဖြစ်သွားနိုင်တယ်။ လေးစားခံရတဲ့ နိုင်ငံ့ခေါင်းဆောင်တယောက်ကနေ ခဏချင်းမှာ စစ်ရာဇဝတ်ကောင် ဖြစ်သွားနိုင်ပါတယ်။ ဆလိုဘိုဒန် မီလိုဆဗစ်ချ် ဆိုရင် ဒါမျိုးဖြစ်ခဲ့တာပါ။ သူဟာ ယူဂိုဆလားဗီးယားနဲ့ ဆားဘီးယားရဲ့ သမ္မတ ဖြစ်ခဲ့တယ်၊ ဒေတန်မှာ နေတိုးနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ မိတ်ဖက် ဖြစ်ခဲ့တယ်။ ပြီးလည်းပြီးရော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် အဖမ်းခံလိုက်ရော။ သူသေတော့ ထောင်ထဲမှာပဲ သေတာပဲ။ ဒါကြောင့် နိုင်ငံရေးက ပြောင်းလဲသွားနိုင်ပေမဲ့ ဖမ်းဝရမ်းတွေကတော့ အမြဲတည်ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီအမြင်အရဆိုရင် ဖမ်းဝရမ်းတွေက နိုင်ငံရေးအပေါ် အားသာချက်ရှိတယ်လို့ ပြောနိုင်ပါတယ်” လို့ ပြောပါတယ်။
အာရှမှာ အထူးသဖြင့် အရှေ့တောင်အာရှမှာတော့ ဝရမ်းလျှောက်ထားခံထားရတာက စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်ပါတယ်။ ၂၀၂၁ မှာ စစ်အာဏာသိမ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခဲ့တာပါ။ ဒါပေမဲ့ မင်းအောင်လှိုင်ကိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်နွှယ်ပြီးတော့ အဓမ္မ အစုလိုက်နှင်ထုတ်တာ၊ အစုလိုက်သတ်ဖြတ်တာ၊ ကျေးရွာတွေကို စနစ်တကျဖျက်ဆီးတာတွေ အပါအဝင် ရိုဟင်ဂျာ လူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့မှုအတွက် ဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်က တောင်းဆိုထားတာ ဖြစ်ပါတယ်။
ICC ရှေ့နေချုပ် ကာရင်မ် အေ.အေ. ခန်းရဲ့ ကြေညာချက်
ကျယ်ကျယ်ပြန့်ပြန့်၊ လွတ်လွတ်လပ်လပ်နဲ့ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးပြီးတဲ့အခါ ကျနော့်ရုံးက ဗိုလ်ချုပ်မှူးကြီး၊ ယာယီသမ္မတ မင်းအောင်လှိုင်၊ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့၊ တစိတ်တပိုင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ပြည်နှင်တာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေဆိုတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်မှုကြောင်းအရ တာဝန်ရှိတယ်လို့ ယုံကြည်ဖို့ သင့်တော်တဲ့ အကြောင်းပြချက်တွေ ရှိတယ်လို့ ကောက်ချက်ချပါတယ်။ ဒီရာဇဝတ်မှုတွေကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အကြားမှာ မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ရိုဟင်ဂျာ မဟုတ်တဲ့ အရပ်သားတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ ကျူးလွန်ခဲ့တယ်လို့ ကျနော့်ရုံးက စွပ်စွဲပါတယ်။ ဒါဟာ ကျနော့်ရုံးက တင်သွင်းတဲ့ မြန်မာအစိုးရ အဆင့်မြင့်အရာရှိတယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ပထမဆုံး လျှောက်ထားမှုဖြစ်ပြီး နောက်ထပ်လည်း ဆက်လာဦးမှာ ဖြစ်ပါတယ်။
နိုင်ငံတကာတရားစီရင်ရေး အားနည်းချက်နဲ့ စိန်ခေါ်မှုများ
ICC ကို ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အများအပြားက ထောက်ခံထားကြပေမဲ့ အမေရိကန်၊ တရုတ်၊ ရုရှားလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အဖွဲ့ဝင်မဟုတ်ပါဘူး။ ဒီအချက်ကပဲ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးစနစ်အတွက် အဓိက စိန်ခေါ်မှု၊ အဓိကပြဿနာ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဝရမ်းထုတ်ထားသူတချို့ကို အခုအချိန်အထိ မဖမ်းနိုင်သေးတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာလည်း အဖွဲ့ဝင်မဟုတ်ပေမဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုအချို့ဟာ အိမ်နီးချင်း ICC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့အတွက် စီရင်ပိုင်ခွင့်ရှိတယ်လို့ တရားသူကြီးတွေက ၂၀၁၈ နဲ့ ၂၀၁၉ မှာ ဆုံးဖြတ်ခဲ့ပါတယ်။ အစ္စရေးကလည်း အဖွဲ့ဝင်မဟုတ်သလို စီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုပေမဲ့ ပါလက်စတိုင်းနယ်မြေကို ICC အဖွဲ့ဝင်အဖြစ် ၂၀၁၅ မှာ အသိအမှတ် ပြုထားခဲ့ပါတယ်။ ဒါကြောင့် အစ္စရေးနယ်မြေထဲမှာ ဟားမတ်စ်က ကျူးလွန်ခဲ့တာတွေရော၊ ဂါဇာကမ်းမြောင်မှာ အစ္စရေးက ကျူးလွန်ခဲ့တယ် ဆိုတာတွေရော တရားရုံးက စစ်ဆေးစီရင်ပိုင်ခွင့် ရှိတယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ရုရှား/ယူကရိန်း ကိစ္စမှာတော့ ရုရှားဟာ ၂၀၁၆ မှာ ICC ကထွက်ခဲ့ပြီး ယူကရိန်းက ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့မှာမှ ဝင်ရောက်တာဖြစ်ပါတယ်။ ဒါပေမဲ့ နယ်မြေတွင်းမှာ ကျူးလွန်ခံခဲ့ရတဲ့ ကိစ္စတွေအတွက် ICC ရဲ့ စီရင်ပိုင်ခွင့်ကို လက်ခံတယ်လို့ ယူကရိန်းက အစောပိုင်းကတည်းက ကြေညာထားတာ ဖြစ်ပါတယ်။
သမိုင်းအရ မှတ်မှတ်ထင်ထင် ရှိတာကတော့ နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ ပထမဆုံး ဝရမ်းထုတ်ခံရတဲ့ ဆူဒန်ခေါင်းဆောင် အိုမာအယ်လ်ဘာရှား ဖြစ်ပါတယ်။ အာဏာသိမ်းခံရလို့သာ ပြုတ်ကျပြီး အဖမ်းခံရ၊ နိုင်ငံတွင်းမှာ တရားစွဲခံရ၊ ထောင်ကျခဲ့ရပေမဲ့ အခုချိန်အထိ ICC တော့ မရောက်သေးပါဘူး။ ICC ရဲ့ အောင်မြင်နိုင်ခြေ အလားအလာကိုတော့ ယူဂိုဆလားဗီးယားနဲ့ ဆားဘီးယားခေါင်းဆောင် ဆလိုဘိုဒန် မီလိုဆဗစ်ချ်ရဲ့ အမှုက သက်သေပြထားပါတယ်။
အာဏာရတဲ့အချိန်ကနေ ရာထူးကဆင်းပေးချိန်အထိ အစောပိုင်း သူ့အစိုးရက ကာကွယ်ပေးထားပေမဲ့ နိုင်ငံတကာဖိအားနဲ့ ပြောင်းလဲလာတဲ့ ပြည်တွင်းနိုင်ငံရေးတွေကြောင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ မီလိုဆဗစ်ချ်ဟာ စစ်ရာဇဝတ်မှုတွေအတွက် ဖမ်းဆီးခံရပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ နိုင်ငံရေးအခြေအနေတွေဟာ အကောင်းဘက်ကို ညီညွတ်တဲ့အချိန်ကျရင် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေ ထိထိရောက်ရောက် လည်ပတ်နိုင်တယ် ဆိုတာကို သက်သေပြခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။
ဒူတာတေးကို ဖမ်းဆီးလိုက်တာဟာလည်း ရောမစာချုပ်က ထွက်ထားတဲ့ နိုင်ငံတွေက နိုင်ငံသားတွေအပေါ်ပါ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ICC ရဲ့ ရပ်တည်ချက်ကို အားကောင်းသွားစေပါတယ်။ ဒါဟာ ကြွင်းကျန်ရစ်တဲ့ တာဝန်ဝတ္တရား (Residual Obligations) လို့ခေါ်တဲ့ စာချုပ်တခုက ထွက်သွားရင်တောင် စာချုပ်ဝင်အဖြစ် ရှိခဲ့စဉ်က လုပ်ရပ်တွေအတွက် တာဝန်ရှိမှုကို အကျုံးဝင်စေတာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒီကိစ္စဟာ စီရင်ထုံးတရပ် ဖြစ်လာရင် မြန်မာ/ဘင်္ဂလားဒေ့ရှ်၊ အစ္စရေး/ပါလက်စတိုင်း၊ ရုရှား/ယူကရိန်း ကိစ္စတွေမှာပါ အသုံးချနိုင်လာမှာ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ အမှုအစွဲခံရနိုင်ခြေ ရှိတော့မှ ICC ကနေ နုတ်ထွက်တာမျိုး အလုပ်မဖြစ်ဘူးဆိုတဲ့ သာဓကတရပ် ပေါ်ပေါက်လာစေတာ ဖြစ်ပါတယ်။
တကယ်တမ်းမှာတော့ ဖိလစ်ပိုင်နိုင်ငံထဲက မားကို့စ် မိသားစုနဲ့ ဒူတာတေး မိသားစု နိုင်ငံရေး အကွဲအပြဲကြောင့် လက်ရှိသမ္မတ မားကို့စ်ဂျူနီယာက သမ္မတဟောင်း ဒူတာတေးကို ထိုးကျွေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ထင်မထားဘဲနဲ့ ကြောက်စရာကောင်းတဲ့ အမှန်တရားတရပ်ကို လှစ်ဟပြလိုက်ရာ ရောက်သွားပါတယ်။ အဲဒါကတော့ နိုင်ငံတကာ တရားစီရင်မှုတွေက ရှောင်လွှဲနိုင်ဖို့ ပြည်တွင်း နိုင်ငံရေးမဟာမိတ်ဖွဲ့ထားမှုဟာ ထင်သလို အလုပ်မဖြစ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တည့်နေသေးသရွေ့၊ ကိုယ်အာဏာရှိသရွေ့ ဘေးကင်းနေဦးမှာ ဖြစ်ပေမဲ့ အချိန်မရွေး ထိုးကျွေးခံရနိုင်တယ်ဆိုတဲ့ သတင်းစကား ဖြစ်ပါတယ်။
ဗင်နီဇွဲလားမှာဆိုရင် အတိုက်အခံ ညွန့်ပေါင်းက သူတို့သာ ၂၀၂၆ ရွေးကောက်ပွဲနိုင်ရင် လက်ရှိသမ္မတ မာဒူရိုကို ICC ပို့နိုင်ဖို့ ကူညီပေးမယ်လို့ ပြောထားပါတယ်။ ဂွါတီမာလာမှာလည်း တိုင်းရင်းသားမျိုးနွယ်စုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် အရင်အစိုးရ တာဝန်ရှိသူတွေကို ICC တင်ဖို့ ကြိုးပမ်းနေကြပါတယ်။ တဖက်မှာလည်း နိုင်ငံတကာ တရားစီရင်ရေးဆိုတာက မူဝါဒကို အခြေခံတဲ့ တရားရေး ကတိကဝတ်ထက် ပြည်တွင်းနိုင်ငံရေး အခြေအနေကသာ အဓိကကျနေသလို ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ တရုတ်ကလည်း ဒူတာတေး အဖမ်းခံရတာဟာ ပွင့်လင်းမြင်သာမှု အယောင်ဆောင်ထားတဲ့ နိုင်ငံရေးအရ နှိပ်ကွပ်မှုလို့ ဝေဖန်ထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးကို လက်နက်အဖြစ် သုံးတယ်လို့ စွပ်စွဲခံရမှုဟာ ရုရှားနဲ့ အစ္စရေးလို အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေ အပေါ်မှာ စီရင်ပိုင်ခွင့် သက်ရောက်ဖို့ ကြိုးပမ်းမှုအပေါ် ထိခိုက်စေပါတယ်။
ဒူတာတေးပြီးရင် ဘယ်သူ့အလှည့်လဲ
ဒူတာတေးကို ဖမ်းလိုက်နိုင်တာကြောင့် ICC အနေနဲ့ မြန်မာပြည်က မင်းအောင်လှိုင်၊ ဗင်နီဇွဲလားက မာဒူရိုတို့လို အင်အားကြီးမဟုတ်တဲ့ သူတွေကို အရင်ဆုံး အရေးယူနိုင်ဖို့ရာမှာ အားတက်စရာ ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာအရေးမှာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်ပြီး ရိုဟင်ဂျာ လူနည်းစုကိစ္စနဲ့ တည်ပြီး စွဲချက်တင်တာဖြစ်ပေမဲ့ သံတမန်ရေးနဲ့ ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ ဖြစ်သွားခဲ့ရင် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ တဖက်မှာလည်း ICC ဝရမ်းကြောင့်မို့လို့ မင်းအောင်လှိုင်နဲ့ ပူတင်တို့ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ဖြစ်လာတဲ့ ကိစ္စမျိုးလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ပြည်သူကို ဗုံးကြဲသတ်ဖြတ်တဲ့ ကိစ္စတွေ အပါအဝင် တနိုင်ငံလုံးအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာလည်း အာဏာအကူးအပြောင်းဖြစ်လို့ မြန်မာနိုင်ငံသာ ICC ထဲ ဝင်နိုင်ရင် ရုံးတက်ဖို့ အမှုတွဲထဲ တပေါင်းတည်း ပါလာနိုင်သလို တသီးတခြားစီလည်း နောက်တမှု တက်လာနိုင်ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ သူရာထူးက နားရင် ဒီလိုပြဿနာမျိုး တက်မှာစိုးလို့ မားကို့စ် မိသားစုနဲ့ ပေါင်း၊ သမီးဖြစ်သူကို ဒုသမ္မတနေရာရအောင် လုပ်ခဲ့ပေမဲ့ တကယ်တမ်း မဟာမိတ်ပြိုကွဲတဲ့အခါမှာ ထိုးကျွေးခံရတာဟာ နမူနာကောင်း ဖြစ်ပါတယ်။ ICC ဖမ်းဝရမ်းကိုသာ တရားသူကြီးတွေက အတည်ပြုပေးလိုက်ရင် မင်းအောင်လှိုင် အနေနဲ့ ရှေ့ကရန်သူသာမကဘဲ နောက်ကျောကို ထိုးမယ့် ဓားကိုပါ ကြောက်လန့်ရမယ့် အခြေအနေ ရောက်သွားနိုင်ပါတယ်။ ဒူတာတေးကို ထိုးကျွေးလိုက်တဲ့ မားကို့စ်လိုလူတွေ ပေါ်မလာဘူးလို့ မပြောနိုင်ပါဘူး။ မြန်မာ့ပြည်တွင်းနိုင်ငံရေးနဲ့ စစ်ရေးဟာ စားပွဲဝိုင်းပေါ် တက်ရတော့မယ့် အချိန်မျိုး ရောက်လာရင် မင်းအောင်လှိုင်ကို ICC ပို့မယ့် လေယာဉ်ပေါ် တင်ပေးလိုက်တာက အဖြေတခု ဖြစ်လာနိုင်ပါတယ်။ ICC ဘက်ကလည်း အရေးယူ ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုမှာ အင်မတန် အားကောင်းတဲ့ စံနမူနာကောင်း၊ စီရင်ထုံးကောင်းတခု ဖြစ်လာနိုင်ပါတယ်။
ဒါတွေက အခုချိန်မှာ စိတ်ကူးယဉ် ဆန်ကောင်းဆန်နေမှာ ဖြစ်ပေမဲ့ ဒူတာတေးက ပြသသွားခဲ့တဲ့ သေချာတဲ့ အချက်တခုတော့ ရှိနေပါတယ်။
အဲဒါကတော့ ဘယ်ခေါင်းဆောင်မှ တာဝန်ယူမှု တာဝန်ခံမှုကနေ အမြဲ လွတ်ငြိမ်းခွင့်ရမနေဘူး၊ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေတယ် ဆိုတာဟာ နောက်ဆုံးမှာ အကန့်အသတ်ရှိတယ် ဆိုတာပဲ ဖြစ်ပါတယ်။
စိုင်းခေတ်နွေ