
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဖမ်းခဲ့ပြီးနောက် နိုင်ငံရေးပုံဖော်မှုကနေ ရှောင်လွှဲဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို တရုတ်နိုင်ငံက တိုက်တွန်းခဲ့ပါတယ်။
ဒူတာတေးကို ICC က ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံက ဖမ်းဆီးခဲ့တာကြောင့် ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အင်္ဂါနေ့မှာ ဒူတာတေး အဖမ်းခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပုံမှန်သတင်းစာရှင်းလင်းပွဲ မေးမြန်းချက်တခုမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာပါ။
ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံမှာ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သလို ၂၀၁၆ ကနေ ၂၀၂၂ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဒူတာတေး တာဝန်ထမ်းဆောင်နေချိန်တုန်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်မှာ မူးယစ်ဆေးဝါး လက်လီရောင်းသူတွေ၊ သုံးစွဲသူတွေနဲ့ သံသယရှိသူ ၆,၀၀၀ ကျော်ကို တရားရင်ဆိုင်ခွင့်မရှိဘဲ သတ်ခဲ့တာ ဖြစ်ပါတယ်။
ဒူတာတေးကို ဖမ်းဆီးခဲ့ပြီးနောက် မနီလာမြို့ကနေ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ကို ပို့ဆောင်ခဲ့ပါတယ်။
အသက် ၇၉ နှစ်အရွယ်ရှိ ဒူတာတေးဟာ ICC မှာ ပထမဆုံး အဖမ်းခံရတဲ့ အာဆီယံ ခေါင်းဆောင်ဟောင်းတယောက်လည်း ဖြစ်ပါတယ်။
ဒူတာတေးဟာ ၂၀၁၉ ခုနှစ်တုန်းက ICC အဖွဲ့ဝင်နိုင်ငံ အဖြစ်ကနေ ထွက်ခွါကြောင်း ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ရှေ့ပိုင်းက အဖြစ်အပျက်တွေကို စီရင်ပိုင်ခွင့်ရှိတယ်လို့ ICC ရှေ့နေတွေက ပြောပါတယ်။
ဒူတာတေးကို တရားစွဲဖို့ စုံစမ်းစစ်ဆေးမှုတွေကို ၂၀၂၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒူတာတေး အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ မားကို့စ်က ICC နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း အစောပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Source : Reuters