Home
ဆောင်းပါး
ဒူတာတေ၊ နိုင်ငံရေးရန်ငြိုးနဲ့ အိုင်စီစီ
DVB
·
March 12, 2025

ဟောင်ကောင် ခဏသွားပြီး ပြန်လာတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေကို ဖိလစ်ပိုင်ရဲတွေက မနီလာလေဆိပ်အရောက် မတ်လ ၁၁ ရက် မနက်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ရဲ့ ဖမ်းဆီးမိန့်အရ ဖမ်းဆီးလိုက်တာဖြစ်ပြီး ဒူတာတေဟာ သူ တာဝန်ထမ်းဆောင်ခဲ့စဉ်  ကာလအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဆီးတာဖြစ်တယ်လို့ သိရတယ်။

ဖြစ်စဉ်က ထူးခြားတယ်လို့ ဆိုရမယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (crimes against humanity)၊ အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု (genocide) အပါအဝင် စစ်ရာဇဝတ်မှုအမျိုမျိုး ကျူးလွန်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်အတော်အများများကို ဖမ်းဆီးမိန့်ထုတ်ထားပြီး ဖြစ်တယ်။ ဒီအထဲမှာ ရုရှားသမ္မတ ပူတင် ပါသလို၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုလည်း ပါဝင်တယ်။ ဟားမတ်စ်အဖွဲ့ ခေါင်းဆောင်၊ အစ္စရေး စစ်ဗိုလ်ချုပ်တွေလည်း ဖမ်းဝရမ်းထုတ်ခံထားရတယ်။ ဒါပေမဲ့ ဝရမ်းသာ ထုတ်ထားတာ။ တကယ်လက်တွေ့ ဖမ်းဆီးနိုင်ခြင်း မရှိသလို အလွယ်တကူ ဖမ်းဆီးဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒီစွဲချက်နဲ့ ဝရမ်းထုတ်ထားပြီး ဖမ်းဆီးရုံးတင်ခံရသူကလည်း (အာဖရိကနိုင်ငံအချို့ကလွဲရင်) မရှိသလောက် နည်းပါတယ်။ နောက်တခုက အိုင်စီစီက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ခေါင်းဆောင်တွေဟာ အိုင်စီစီအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက ဖြစ်တဲ့အတွက် ဖမ်းဆီးခွင့် မရှိတာလည်း ပါတယ်။

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေ ဖမ်းဆီးခံလိုက်ရတာကတော့ ဒီဘက်နှစ်များအတွင်း အလွန်ထူးခြားတဲ့ ဖြစ်စဉ်လို့ပဲ ဆိုရမယ်။ ပြီးတော့ ဖမ်းဆီးလိုက်တာက ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကိုယ်တိုင် ဖြစ်နေတာပါ။ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ရဲ့ ညွှန်ကြားချက်အရ ဖမ်းဆီးတာလို့လည်း ဆိုတယ်။

ဒူတာတေကတော့ ခုလို ဖမ်းဆီးခံလိုက်ရတဲ့အတွက် အံ့ဩနေတာပေါ့။ သူက ဟောင်ကောင်ကို သွားပြီး လာမယ့် မေလလယ်မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် ဖိလစ်ပိုင်နိုင်ငံသားတွေကို မဲဆွယ်စည်းရုံးခဲ့တာပါ။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒူတာတေက ဒါဗို့မြို့တော်ဝန်အဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံမှာပါ။ အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ဒူတာတေက တုတ်ကောက်တချောင်းနဲ့ လေဆိပ်ထဲ ရောက်လာစဉ်မှာ ရဲတွေက ဖမ်းဆီးလိုက်တာပါ။

ဒူတာတေက “ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ။ ကျနော့်သက်တမ်းတလျှောက် လုပ်ခဲ့တာအားလုံးဟာ ငြိမ်းချမ်းရေးနဲ့ ဖိလစ်ပိုင်ပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့ဘဝအတွက်ပါ” လို့ ဟောင်ကောင်လေဆိပ်က အထွက် နှုတ်ဆက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို ပြောကြားခဲ့တယ်။ သမ္မတဟောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆယ်လ်ဗေဒါပေနယ်လ်လိုကလည်း ဒီဖမ်းဆီးမှုဟာ ဥပဒေနဲ့မညီဘူးလို့ ပြောဆိုခဲ့တယ်။

ဖိလစ်ပိုင် နိုင်ငံရေးက ခပ်ရှုပ်ရှုပ်ပါ။ လက်ရှိသမ္မတ ဘွန်ဘွန်းမားကို့စ် ဆိုတာ အာဏာရှင် ဖာဒီနန်မားကို့စ်ရဲ့ သား။ ဖာဒီနန်မားကို့စ်ဟာ ၁၉၆၅ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော် အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားပြုမှုမျိုးစုံနဲ့ ဖွဲ့စည်းပုံကို မိမိစိတ်ကြိုက်ပြင်ဆင်ပြီး တဦးတည်းအာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သူ။ ၁၉၈၆ ခုနှစ်မှာ ဖိလစ်ပိုင်ပြည်သူတွေရဲ့ တခဲနက် လမ်းပေါ်ထွက် အုံကြွဆန္ဒပြတဲ့ People Power လှုပ်ရှားမှုနဲ့အတူ ဖာဒီနန်အစိုးရ ပြုတ်ကျသွားတယ်။ သမ္မတနန်းတော်ထဲက အီမယ်လ်ဒါ မားကို့စ်ရဲ့ အမျိုးအမည်စုံတဲ့ ဖိနပ်တွေက ဖာဒီနန်မိသားစုရဲ့ အကျင့်ပျက်ခြစားမှု သင်္ကေတတွေ ဖြစ်ခဲ့တယ်။

အာဏာရှင်ခေါင်းဆောင်တဦးရဲ့ သားဟာ နောင် နှစ်ပေါင်းသုံးဆယ်ကျော်တဲ့အခါ သမ္မတအဖြစ် ပြန်လည်ရောက်ရှိလာမယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ပေမဲ့ သားဖြစ်သူ ဘွန်ဘွန်း မားကို့စ်ဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတဖြစ်လာခဲ့တယ်။

အာဏာရှင် ဖာဒီနန်မားကို့စ် ပြုတ်ကျပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံရေးဟာ အနိမ့်အမြင့် အတက်အကျအမျိုးမျိုးနဲ့ ဖြတ်သန်းခဲ့တယ်။ ကိုရာဇန် အာကွီနို၊ ရားမို့စ်၊ အက်စ်ထရာဒါ၊ အာရိုရို၊ ဘီနစ်နိုအကွီနို၊ ဒူတာတေ သမ္မတတွေ တဆက်ပြီးတဆက် ပုံမှန်ပြောင်းလဲသွားသလို ရုပ်ရှင်မင်းသားဟောင်း အက်စ်ထရာဒါနဲ့ ဂလိုရီယာ အာရိုရို တို့လို အကျင့်ပျက်ခြစားမှုနဲ့ အရေးယူ ဖမ်းဆီးခံရပြီး ရာထူးက ပြုတ်ခဲ့ရတဲ့ဖြစ်စဉ်တွေလည်း ရှိတယ်။ အာဏာရှင် ဖာဒီနန်မားကို့စ် နောက်ပိုင်း ၁၉၈၇ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်ပြီး သမ္မတသက်တမ်းကို (တကြိမ်တည်း) ၆ နှစ် သတ်မှတ်လိုက်တယ်။ ဒုတိယသက်တမ်း ရွေးချယ်ခံခွင့်မရှိ။

ဖိလစ်ပိုင်နိုင်ငံရေးဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အရ စစ်တပ်က အရပ်သားအုပ်ချုပ်ရေးအပေါ် ဝင်ရောက်စွက်ဖက်ခွင့် လုံးဝမရှိဘူး။ အရပ်သားအစိုးရရဲ့ အမိန့်ကို စစ်တပ်နဲ့ ရဲက တာဝန်ခံရတယ်။ အခု ဖြစ်စဉ်မှာ အဓိကအကြောင်းအရင်းတခုက လက်ရှိသမ္မတ ဘွန်ဘွန်း မားကို့စ်နဲ့ ဒု-သမ္မတ ဆာရာ ဒူတာတေတို့အကြား ဖြစ်ပေါ်နေတဲ့ မကျေလည်မှုပဲ ဖြစ်တယ်။ ဖိလစ်ပိုင်လွှတ်တော်ဟာ ဆာရာဒူတာတေကို အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ပြီး ရာထူးက ဖြုတ်ချဖို့ ကြိုးစားခဲ့ပြီး ဖြစ်တယ်။ ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော် သုံးပုံ နှစ်ပုံက ထောက်ခံမဲ ပေးရင် ဆာရာဒူတာတေ ဒု-သမ္မတရာထူးက ပြုတ်မှာဖြစ်တယ်။ အောက်လွှတ်တော်က တင်သွင်းတဲ့ အယုံအကြည်မရှိ အဆိုမှာ ထောက်ခံမဲ ၂၄၀-၃၂၀ နဲ့ ဆာရာဒူတာတေကို ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်မှု၊ လာဘ်စားမှု၊ အကျင့်ပျက် ခြစားမှု ချိုးဖောက်ကြောင်း အတည်ပြုခဲ့တယ်။ အလားတူ နိုင်ငံတော် ရန်ပုံငွေတွေကိုလည်း အလွဲသုံးစားပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားရုံးမှာ စွဲဆိုထားတာရှိတယ်။

ဆာရာဒူတာတေအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းမှုဟာ အထက်လွှတ်တော် (ဆီးနိတ်)က အတည်ပြုမှ ဖြစ်မှာပါ။ ဒီ မဲခွဲဆုံးဖြတ်မှုကို လွှတ်တော် နောက်တကြိမ် စတင်မယ့် ဇွန် ၂ ရက် မတိုင်မီအတွင်း ပြုလုပ်နိုင်ဖွယ် မရှိသလို ဆီးနိတ်ကိုယ်စားလှယ်တချို့က ကြားဖြတ်ရွေးကောက်ပွဲကိုပဲ ပြန်အရွေးခံဖို့ အာရုံရောက်နေကြတယ်။

လက်ရှိ အခြေအနေမှာ ဆာရာ ဒူတာတေအတွက် ရှောင်လွဲလို့ မရနိုင်တဲ့ ပြစ်ချက်တခုကလည်း ပေါ်ထွက်လာနေတယ်။ ဆာရာ ဒူတာတေက သမ္မတ မားကို့စ်ဂျူနီယာ၊ သမ္မတကတော်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ကို လုပ်ကြံဖို့ လူသတ်သမား ငှားရမ်းခဲ့ကြောင်း ပေါ်လွင်သွားတာ ဖြစ်တယ်။ ဒီအဖြစ်အပျက်က မနှစ်တုန်းက ဖြစ်ခဲ့တာပါ။ တကယ်လို့ မားကို့စ်ဂျူနီယာက သူ့ကို သတ်ဖို့ ကြိုးစားရင် သူကလည်း ပြန်သတ်ဖို့ လူသတ်သမား ငှားရမ်းထားပြီလို့ ပြောလိုက်တာဖြစ်တယ်။ အမှုက ကြီးသွားတယ်။

သမ္မတဟောင်း ဒူတာတေကို အိုင်စီစီ ဖမ်းဝရမ်းနဲ့ ဖမ်းလိုက်တာဖြစ်ပေမဲ့ ကျောင်းတော်က ရန်စက သမ္မတ မားကို့စ်ဂျူနီယာနဲ့  ဒူတာတေရဲ့ သမီး ဒု-သမ္မတ ဆာရာဒူတာတေတို့အကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခပါ။ မားကို့စ် ဂျူနီယာအနေနဲ့ လာမယ့် ၂၀၂၈ ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။ ဒီနေရာမှာ ဒု-သမ္မတ ဆာရာဒူတာတေက ၂၀၂၈ သမ္မတရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်။ ဆာရာ ဒူတာတေ သမ္မတရွေးကောက်ပွဲ မဝင်နိုင်ဖို့ မားကို့စ်ဂျူနီယာရဲ့ လုပ်ကြံမှု ဖြစ်သလို မားကို့စ်ဂျူနီယာနဲ့ ဒူတာတေတို့အကြား မူးယစ်ဆေးကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် ငြင်းခုံတိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်။

တကယ်တော့ အိုင်စီစီအနေနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေကို ဖမ်းဆီးပိုင်ခွင့် မရှိပါဘူး။ ဖိလစ်ပိုင်ဟာ ၂၀၁၉ ခုနှစ်ကတည်းက အိုင်စီစီအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ထားခဲ့တာပါ။ ဒါပေမဲ့ အခု ဒူတာတေကို ဖမ်းဆီးတဲ့အမှုမှာ ဒူတာတေဟာ (၂၀၁၆-၂၀၂၂) သူ့ သမ္မတသက်တမ်းအတွင်း ဆောင်ရွက်ခဲ့တဲ့ ‘မူးယစ်ဆေးဝါးစစ်ပွဲ’အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေ၊ ရာဇဝတ်သားတွေကို အမှုစစ်ဆေးခြင်း မရှိ၊ ဝရမ်းမရှိ တွေ့ရာနေရာ ဝင်ရောက်စီးနင်း ပစ်သတ်ခဲ့လို့ ရာဇဝတ်မှုနဲ့ မဆိုင်သူတွေ အပါအဝင် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ရာဇဝတ်မှုကြောင့်လို့ ဆိုတယ်။ ဖိလစ်ပိုင်ဟာ အိုင်စီစီအဖွဲ့ဝင်အဖြစ်က ၂၀၁၉ ခုနှစ်မှာ နုတ်ထွက်ထားပေမဲ့ ဒီအမှု ကျူးလွန်ချိန်က အဖွဲ့ဝင်အဖြစ် ရှိနေသေးတာကြောင့်လို့ ဆိုတယ်။

သမ္မတဟောင်း ဒူတာတေ အပေါ် အိုင်စီစီက ဖမ်းဝရမ်းထုတ်ခဲ့တာနဲ့ပတ်သက်ပြီး အစောပိုင်းက သမ္မတ မားကို့စ်ဂျူနီယာက ပူးပေါင်းမှုမရှိဘဲ ငြင်းဆန်နေခဲ့သေးတယ်။ ဒါပေမဲ့ ခုလို အိုင်စီစီရဲ့ ဖမ်းဝရမ်းနဲ့  ဒူတာတေကို ဖမ်းဆီးလိုက်တဲ့အခါမှာတော့ တကမ္ဘာလုံးက အံ့အားသင့်စရာ ဖြစ်ခဲ့တယ်။ တကယ်တော့ ရှုပ်ထွေးလှတဲ့ ဖိလစ်ပိုင်နိုင်ငံရေးက အိုင်စီစီကို ခုတုံးလုပ် အသုံးချသွားတဲ့ ဖြစ်စဉ်တခုလို့ပဲ ဆိုရမယ်။

CWM 

Ref: CNA/ BBC

-A return to political chaos. The Philippines's impeachment saga. (CNA) 

-Philippines' ex-leader Duterte arrested on ICC warrant over drug killings. (BBC)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024