Home
မြန်မာသတင်း
မောင်တောတွင် စစ်တပ်ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ဒဏ်ရာအပြင်းအထန်ရ
DVB
·
March 14, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ် ၁၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း နင်းမိပြီး ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မောင်တောမြို့နယ်၊ ရွှေဇားအနောက်(မွတ်ဆလင်)ကျေးရွာနားမှာ မတ် ၁၃ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိကာ ပြည်သူတယောက် ဘယ်ဘက်ခြေထောက်တဖက် ပြတ်ထွက်ပြီး ဘယ်ဘက်မျက်လုံး တဖက်လည်း မိုင်းစထိမှန်ဆုံးရှုံးကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မောင်တောဒေသခံ တယောက်က DVB ကို ပြောပါတယ်။

ဒဏ်ရာရရှိခဲ့သူကတော့ ရွှေဇားကျေးရွာက အသက် ၁၈ နှစ်အရွယ် မာမောက်ယာဆိမ့် ဖြစ်ပြီး တရွာတည်းနေ အပေါင်းဖော် ၆ ယောက်နဲ့အတူ ငါးရှာသွားရာ ရွာအနောက်ဘက်နားမှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိကာ နီးစပ်ရာ ဆေးရုံတခုမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာလည်း မတ် ၁၁ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း နင်းမိပြီး ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013