Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းက မြိုလူငယ်များ AA ထံတွင် စစ်သင်တန်းတက်ရန် ဆန္ဒပြ 
DVB
·
February 25, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ မြိုလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေက ရာနဲ့ချီတဲ့လူငယ်တွေဟာ သူတို့ရဲ့ ရပ်ရွာတွေကို ကာကွယ်နိုင်ဖို့အတွက် အာရက္ခတပ်တော် (AA) ထံမှာ စစ်သင်တန်းတက်ရောက်ကြဖို့ ဆန္ဒထုတ်ဖော် တိုက်တွန်းခဲ့ကြတယ်လို့  မြိုလူငယ်တွေက ပြောပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းမှာ မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှု၊ ကျေးရွာတွေကို ဝင်ရောက်စီးနင်းသတ်ဖြတ်မှုတွေကြောင့် အာရက္ခတပ်တော်က ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ မြိုလူငယ်တွေကို စစ်သင်တန်းပေးပြီး သူတို့ရဲ့ရပ်ကွက် ကာကွယ်ရေးအစီအမံတွေ ပေးခြင်းကို ထောက်ခံပြီး မြိုလူထုကိုယ်တိုင်ကလည်း မိမိရပ်ရွာကို ကာကွယ်စေလိုတာကြောင့် ဆန္ဒထုတ်ဖော်တောင်းဆိုကြတာ​လို့ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့တဲ့ မြိုလူငယ် တယောက်က ပြောပါတယ်။

“ကျနော်တို့ အခုလို ဆန္ဒထုတ်ဖော်ကြတယ်ဆိုတာက ကိုယ်ရဲ့ရပ်ရွာလုံခြုံရေးအတွက် လူငယ်တွေ တတ်ထားသင့်တဲ့ ကာကွယ်တိုက်ခိုက်ရေးပညာကို တတ်မြောက်လိုခြင်းနဲ့ လက်ရှိ အာရက္ခပြည်ရဲ့ ပြောင်းလဲလာမှုကို ဆန်းစစ်ပြီးတော့ ကျနော်တို့ မြိုမျိုးနွယ်စုဟာ ရခိုင်ပြည်က ကျန်မျိုးနွယ်စုတွေအားလုံးနဲ့ တသားတည်းရှိတယ်ဆိုတာကို ထုတ်ဖော်ပြသကြတာ ဖြစ်တယ်။”

ARSA အဖွဲ့လှုပ်ရှားမှုရှိတဲ့ ​မောင်တောမြို့နယ် မြောက်ပိုင်းမှာ မြိုတိုင်းရင်းသား အများစု နေထိုင်ကြတာဖြစ်ပြီး ARSA အဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းတွေကိုလည်း မကြာခဏ ခံနေကြရပါတယ်။

အဲဒီလို မွတ်ဆလင် လက်နက်ကိုင် ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ မိမိရပ်ရွာလုံခြုံရေးအတွက် AA က ဒေသခံ လူငယ်တွေကို အခြေခံစစ်သင်တန်းပေးပြီး သူတို့ရဲ့ရပ်ရွာတွေမှာ လုံခြုံရေးတာဝန်တွေကို စီမံဆောင်ရွက်ကြရတာလို့ မောင်တောမြို့ခံ အမျိုးသား တယောက်က ပြောပါတယ်။

“မောင်တောဒေသမှာက ARSA အန္တရာယ်ကြောင့် မိမိရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး AAက လူငယ်တွေကို အခြေခံစစ်သင်တန်းပေးနေတာရှိတယ်။ အဓိကတော့ သူတို့ရဲ့ ရပ်ရွာ လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းဖို့အတွက် သင်တန်းပေးနေတာ။ တက်ရတာကတော့ မောင်တောမှာ ရှိတဲ့ ရခိုင်လူမျိုးရော့ တခြားမျိုးနွယ်စုတွေပါ အကုန်လုံးတက်ကြရတာ" လို့ပြောပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ကုန်သည်တွေနဲ့ အရပ်သားသေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၃၀ ကျော်ရှိကာ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ ၅ ယောက်ထက်မနည်းရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ARSA ကဒီလို ချုံခိုတိုက်ခိုက်မှု​တွေကို AA တပ်ဖွဲ့က နယ်မြေရှင်းလင်းမှုတွေကြောင့် AAနဲ့ ARSA အဖွဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင် လက်နက်ကိုင်တွေဖြစ်ကြတဲ့ ARSA၊ RSO၊ ARA အဖွဲ့တွေဟာ ဘူးသီးတောင်၊ မောင်တော မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီနဲ့ အတူပူးပေါင်းပြီး AA ကို တိုက်ခိုက်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013