Home
မြန်မာသတင်း
ကန်ကြီးထောင့်ရဲစခန်းတွင် AA ကို ခုခံရန်အတွက် ကတုတ်ကျင်းများတူး
DVB
·
February 25, 2025

အာရက္ခတပ်တော် (AA) နဲ့မဟာမိတ်တပ်တွေ ဝင်လာပါက ပြန်လည်ခုခံဖို့အတွက်ဆိုပြီး ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြို့မရဲစခန်းမှာ ပတ်ဝန်းကျင်မှာ ကတုတ်ကျင်းတွေတူးပြီး ဘန်ကာတွေပါ ဆောက်နေတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီခန့် ကန်ကြီးထောင့်မြို့မရဲမှူးမျိုးအောင်က ဦးဆောင်ပြီး အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရာက်လာပါက ပြန်လည်ခုဖို့အတွက်ဆိုကာ ဖေဖော်ဝါရီ ၂၃ ရက်ကစတင်ပြီး စခန်းပတ်ပတ်လည်မှာ ကတုတ်ကျင်းတွေတူးပြီး ခုခံစစ်အတွက် ပြင်ဆင်ထားနေတယ်လို့ သိရပါတယ်။

“အခုတိုက်ပွဲတွေ ဖြစ်နေတဲ့ သာပေါင်း နဲ့ ဒီဘက်နဲ့ကနီးတော့ ခုခံစစ်ပြင်ဆင်တာပါ။ ရဲမှူးက ဖိအားပေးပြီးလက် အောက်ခံတပ်သားတွေကို ကျင်းတွေတူးခိုင်းနေတာ။ စစ်ဆေးတာတွေကိုလည်း အရင်ကထက် ထပ်တိုးမြှင့် လုပ်နေတယ်” လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ် မြို့မရဲစခန်းမှာ ကတုတ်ကျင်း ၃၀ ထက်မနည်းတူးနေတာဖြစ်ပြီး ကန်ကြီးထောင့်မြို့အဝင်ဂိတ်နဲ့ ဘဲဂရက်ဂိတ်မှာလည်း စစ်ကောင်စီတပ်တွေက ဘန်ကာတွေကို သဲအိတ်တွေအသုံးပြုပြီး တည်ဆောက်နေတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ရဲမှူး တော်တော်ကြောက်နေတဲ့သဘောရှိတယ်။ ညကင်းတွေလည်း နေ့တိုင်းလှည့်နေသလို့ ကင်းတဲတွေပါ ထပ်ဆောက်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ကန်ကြီးထောင့် မြို့မရဲစခန်းမှူး မျိုးအောင်က မသင်္ကာဖွယ်လူတွေ့ရှိပါက အမိန့်မစောင့်ဘဲ ဖမ်းဆီးစစ်ဆေးဖို့နဲ့ အုပ်ချုပ်ရေးမှူးတွေကို ဧည့်စာရင်းစစ်ဖို့ပါ ညွှန်ကြားထား တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) ကလည်း ရခိုင်နဲ့ ထိစပ်နေတဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ၂၀၂၅ ခု ဇန်နဝါရီ ၂၀ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013