Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၉ ဦးနှင့် စက်လှေ ၄ စီး AA ဖမ်းဆီး
DVB
·
February 21, 2025
Photo : AA

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ တက္ကနဖ်မြို့နယ်က ငါးဖမ်းသမား ၁၉ ယောက်နဲ့ စက်လှေ ၄ စီးကို ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ်ပိုင်းက နတ်မြစ်အတွင်းမှာ အာရက္ခတပ်တော် (AA) က ဖမ်းဆီးသွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာ ရေးသားထားပါတယ်။

ဖမ်းဆီးခံရတဲ့ ငါးဖမ်းသမားတွေဟာ ပင်လယ်ပြင်က ငါးဖမ်းပြီး ပြန်လာစဉ်မှာ နတ်မြစ်အတွင်း အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပြီး သူတို့တွေ ပြန်လည်လွတ်မြောက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ တက္ကနဖ်မြို့အုပ်ချုပ်ရေးမှူး ရှိတ်ခ်အာရှန်အူဒင်က ပြောပါတယ်။

“ငါးဖမ်းစက်လှေ ၄ စင်းနဲ့ တံငါသည် ၁၉ ဦး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ သတင်းရရှိထားတာ ရှိပါတယ်။ သူတို့တွေ ပြန်လွတ်နိုင်ဖို့လည်း နယ်ခြားစောင့်တပ် (BGB) နဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမား ၆ ယောက်ကို အာရက္ခတပ်တော်က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေမှာ ရေးကြပါတယ်။

လက်ရှိမှာ ငါးဖမ်းသမားတွေ ဆက်တိုက်ဖမ်းဆီးခံရသလို ပြန်လည်လွတ်မြောက်လာကြခြင်း မရှိတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပြီး အစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်သင့်တယ်လို့ တက္ကနဖ်မြို့နယ် ငါးဖမ်းအသင်းဥက္ကဋ္ဌ အဘူဂျာလီက ပြောပါတယ်။

“အခုဖမ်းဆီးခံရတဲ့ ငါးဖမ်းသမားတွေဟာ ငါးဖမ်းပြီး အပြန်မှာ ဖမ်းဆီးခံရတာ။ အရင်က ဖမ်းဆီးထားတဲ့သူတွေလည်း ပြန်လွတ်လာတာ မရှိသေးဘူး။ အခုလို မကြာခဏ ဖမ်းဆီးခံရမှုတွေ ရှိလာတော့ ငါးဖမ်းသမားတွေကြား စိုးရိမ်မှုတော့ မြင့်တက်နေကြတယ်။ ဒီလို ဖမ်းဆီးခံရမှုနဲ့ သူတို့တွေ ပြန်လည်လွတ်မြောက်ဖို့ကို အစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးသင့်တယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းမှုတွေကြောင့် အာရက္ခတပ်တော်က ဖမ်းဆီးအရေးယူမှုတွေရှိသလို နှစ်ဖက် တာဝန်ရှိသူတွေအကြား ဆက်သွယ်မှုပြုလုပ်ပြီး ပြန်လွှတ်ပေးတာတွေလည်း ရှိတယ်လို့ ရခိုင် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ အာရက္ခတပ်တော်ရဲ့ ပင်လယ်ပြင် စိုးမိုးနိုင်ဖို့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး နေ့တိုင်း ရခိုင်ရေပိုင်နက်ထဲကို ဝင်ရောက် ငါးခိုးဖမ်းနေမှုတွေ ရှိတယ်လို့ မောင်တောဒေသခံတယောက်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းသမားတွေ ရခိုင်ရေပိုင်နက်ကို ကျူးကျော်ပြီး နေ့တိုင်း ငါးခိုးဖမ်းနေကြတာ ရှိတယ်။ အဓိကတော့ ဘင်္ဂလားပင်လယ်ပြင်ကို AA က စိုးမိုးနိုင်မှု အားနည်းနေသေးတာကို သူတို့က အခွင့်ကောင်းယူပြီး ဝင်ကြတာပေါ့။ နောက်ပြီး ရခိုင်က ငါးဖမ်းသမားတွေကိုလည်း ရခိုင်ရေပိုင်နက်ထဲမှာတင် အုပ်စုလိုက် အနိုင်ကျင့်ကြတာရှိတယ်။ AA အနေနဲ့တော့ ကိုယ်ရဲ့ရေပိုင်နက်မှာ ခိုးဝင်ပြီး ငါးဖမ်းမှုကို ဟန့်တားနိုင်ဖို့ လိုအပ်တယ်။”

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မောင်တောမြို့နယ်ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ပိုင်း ၂ နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံတိုးမြှင့် ဆောင်ရွက်နေတာတွေလည်း ရှိတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

ရေပိုင်နက်ကျူးကျော်မှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၆ ယောက်ကို ၂၀၂၄ ခု အောက်တိုဘာ ၁၆ ရက်မှာ အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) လက်ထဲကို လွှဲပြောင်းပေးခဲ့ပါတယ်။

ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ပြီး ငါးခိုးဖမ်းဖို့ ဝင်ရောက်လာတဲ့ ဘယ်သူကိုမဆို တရားဥပဒေနဲ့အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမယ်လို့လည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ AA က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

Ref : Dhaka Tribune

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013