Home
မြန်မာသတင်း
ကပစ ၆ အနီးက တပ်စခန်း ၂ ခုကို AA သိမ်းပိုက်၊ ညောင်ကျိုးစခန်းကို ထပ်မံတိုက်ခိုက်နေ
DVB
·
February 25, 2025

 ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီး အမှတ်(၆) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံနဲ့ ၁၂ မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ နတ်စင်ကုန်းစခန်းနဲ့ တာဝါတိုင်စခန်းတို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၂ ရက်မှာ သိမ်းပိုက်လိုက်ပြီး ညောင်းကျိုးကျေးရွာမှာရှိတဲ့ တပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက နတ်စင်ကုန်းစခန်းနဲ့ တာဝါတိုင်စခန်းတို့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“နတ်စင်ကုန်းစခန်းရော၊ တာဝါတိုင်စခန်းပါ ၂ ခုလုံးက AA နဲ့ ပူးပေါင်းတပ်တွေရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီလို့ ကျနော်တို့သိထားရတယ်။ အဲဒီစခန်း ၂ ခုက ညောင်ကျိုးရဲ့ အဓိက ကာကင်းစခန်းတွေဖြစ်တယ်။ စစ်ကောင်စီက လေကြောင်းနဲ့ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲပြီး ပစ်ကူပေးနေတဲ့ကြားက သိမ်းပိုက်ခံလိုက်ရတာ။ အဓိကတော့ စစ်ကောင်စီဘက်က ရိက္ခာနဲ့ ရေပြတ်တောက်မှုဒဏ်ကို မခံနိုင်တာကြောင့် စခန်းကို အသိမ်းခံလိုက်ရတာဖြစ်တယ်။ AA အဖွဲ့ထံမှာ ဖမ်းဆီးခံလိုက်ရတဲ့သူတွေရှိသလို ညောင်ကျိုးဘက်ကို ထွက်ပြေးသွားကြတဲ့ သူတွေလည်းရှိတယ်။” 

နတ်စင်ကုန်းစခန်းရှိ ရှေ့မှာရှိတဲ့ ပန်းကန်ကွဲစခန်းကိုလည်း အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၅ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နတ်စင်ကုန်းစခန်းနဲ့ တာဝါတိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် လက်ရှိမှာလည်း ညောင်ကျိုးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို အပြင်းအထန် ထိုးစစ်ဆင်နေကြပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေပေးပြီး ခုခံနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“ဒီနေ့မှာလည်း ညောင်ကျိုးမှာရှိတဲ့ စခန်းကို AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေ အဓိကပစ်ကူပေးနေရတယ်။ ကပစ ၆ ကလည်း လက်နက်ကြီး ပစ်ကူတွေ ပေးတယ်။ အခုတိုက်ခိုက်ခံနေရတဲ့ ညောင်ကျိုးစခန်းသာ ကျသွားမယ်ဆိုရင် ကပစ ၆ အတွက် အရမ်းအန္တရာယ်များသွားပြီ။” 

လက်ရှိ တိုက်ပွဲပြင်းထန်နေကြတဲ့ ညောင်ကျိုးစခန်းမှာ စစ်ကောင်စီရဲ့ အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတည်ရှိတဲ့ ညောင်ခြေထောက်ကျေးရွာနဲ့ ၁၀ မိုင်ဝန်းကျင်ခန့်သာ အကွာအဝေးရှိတော့တာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက ပဲခူးတိုင်း ကို စတင်ဝင်ရောက်တိုက်ခိုက်နေကြတာဖြစ်ပြီး မိုးထိတောင်၊ ပန်းကန်ကွဲနဲ့ နတ်စင်ကုန်းစခန်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

အာရက္ခတပ်တော်ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)အပါဝင် ရခိုင်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့ကို မဟာမိတ်တပ်တို့နဲ့အတူ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024