
မလေးရှားဝန်ကြီးချုပ်ဟောင်း အစ္စမိုင်ဆာဘရီယာကို့ဘ်ရဲ့ လက်ထက်မှာ အစိုးရထောက်ပံ့ပေးတဲ့ လူသိရှင်ကြား ပရောဂျက်တခုနဲ့ဆက်စပ်နေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးခဝါချမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက မတ် ၁၃ ရက်မှာ ခေါ်ယူမေးမြန်းခဲ့ပါတယ်။
အစ္စမိုင်ဟာ ထုတ်ပြန်ချက်တခုပေးဖို့ မနေ့က ပူထရာဂျာယာရှိ ဌာနချုပ်မှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီမှာ ၅ နာရီလောက် အချိန်ကြာမြင့်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်းကို မတ် ၁၄ ရက်ဒီနေ့ ထပ်မံဆင့်ခေါ်မယ်လို့ ပြည်တွင်းမီဒီယာကို သတင်းပေးတဲ့ သတင်းရင်းမြစ်တခုက ဖော်ပြပါတယ်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီဟာ အစ္စမိုင်ဆာဘရီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အကြီးတန်းအရာရှိ ၄ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပြီး အဆောက်အအုံ ၄ ခုမှာ စီးနင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စီးနင်းမှုအပြီးမှာ ရင်းဂစ် သန်း ၁၇၀ တန်ဖိုးရှိတဲ့ နိုင်ငံခြားငွေကြေးမျိုးစုံနဲ့ ရွှေချောင်း ၁၆ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။
မနှစ် ဇန်နဝါရီလတုန်းကလည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးမှူးတွေဟာ သူ့ရဲ့အုပ်ချုပ်မှုကာလအတွင်းမှာ အစိုးရ ဝါဒဖြန့်လုပ်ငန်းအတွက် ရင်းဂစ် သန်း ၇၀၀ လောက် (ဒေါ်လာ ၁၅၇ သန်း) သုံးစွဲမှုနဲ့ဆက်နွှယ်တဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ တိုင်ကြားချက်တွေနဲ့ ပတ်သက်ပြီးတော့ သူ့ကို ဆန်းစစ်မေးမြန်းခဲ့ပါသေးတယ်။
Source: Reuters