Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မလေးရှားသွားမည့်မြန်မာ ၃၃ ဦး ဖမ်းဆီးခံရ 
DVB
·
February 10, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်ထဲမှာ မလေးရှားနိုင်ငံဘက်ဆက်သွားမယ့် တရားမဝင်မြန်မာနိုင်ငံသား ၃၃ ယောက် ဖမ်းဆီးခံရတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဆုန်ခလာခရိုင် အဝေးပြေးလမ်းတာဝန်ကျရဲတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ရတ်တဖုမ်းမြို့နယ်၊ ခူဟာတိုက်ရပ်ကွက်အပိုင်းရှိ အဝေးပြေးလမ်းပေါ်ကနေ ယာဉ်သွားယာဉ်လာတွေ စောင့်ကြပ်စစ်ဆေးစဉ် တန်ချိန်ပိုတင်ဆောင်လာတယ်လို့ ယူဆရတဲ့ အဖြူရောင် အီဇူးစူး ကွန်တိန်နာကားတစီးကိုပါ စစ်ဆေးခဲ့စဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။

တရားမဝင်အလုပ်သမားတွေ နယ်မြေထဲ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတာကြောင့် မသင်္ကာတဲ့ကားတွေ စစ်ဆေးခဲ့ကြောင်း အဆိုပါကားဟာ တာဝန်ရှိသူတွေကို တွေ့တော့ အရှိန်မြှင့်မောင်းပြေးဖို့ ကြိုးစားပေမဲ့ လမ်းပြင်ဖို့ လမ်းလွှဲထားတာကြောင့် အမြန်မောင်းလို့မရကြောင်း၊ ကားရှေ့ရော နောက်ပါ ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ယာဉ်မောင်းမှာ  အသက် ၅၆ နှစ်ရွယ်ရှိ ထိုင်းအမျိုးသား ဝိဆစ်ဒုန်းကယောက်ဖြစ်ပြီး ကွန်တိန်နာထဲမှာတော့ အမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက် စုစုပေါင်း ၃၃ ယောက် ပြည့်သိပ်ပြီးလိုက်ပါလာကြကာ အားလုံး အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေလို့ ဆိုပါတယ်။ 

ကားသမားရဲ့  ထွက်ဆိုချက်အရ  သူဟာ ပွဲစားအဆက်အသွယ်နဲ့ အဲဒီလူတွေကို ဆဒေါဝ်းမြို့နယ် မလေးရှားနယ်စပ်ရှိ ရာဘာတောကိုပို့ပေးဖို့ စမွတ်စခွန်းကနေ တင်ဆောင်လာခဲ့တာဖြစ်ပြီး အဖိုးအခအနေနဲ့ တယောက်  ဘတ် ၅၀၀ သာရရှိတယ်လို့  ထိုင်းတာဝန်ရှိသူက ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေကလည်း သူတို့ဟာ  မြန်မာပြည်ကနေ မလေးရှားနိုင်ငံသွားဖို့ ပွဲစားကို တယောက် ကျပ် သိန်းပေါင်း ၅၀ ( ထိုင်းဘတ်ငွေ ၈၀,၀၀၀ ) ပေးရပြီး လွန်ခဲ့တဲ့ ၃ ရက်ကမှ  တောလမ်းကနေ ခြေကျင်လျှောက်ပြီး ကန်ကျနပူရီခရိုင်ဘက်ကနေ ဝင်ရောက်လာတာလို့ ဆိုပါတယ်။ 

ထူးခြားချက်မှာ ဖမ်းဆီးခံရသူတွေထဲက ၁၅ ယောက်ဟာ လက်ပတ်အနီတွေ ပတ်ထားရတယ်၊  ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လက လူကုန်ကူးခံရပြီး  ကားပေါ်မှာ အသက်ရှုကြပ်လို့ သေဆုံး သွားသူတွေရဲ့ အလောင်း ၃ လောင်းမှာလည်း အလားတူ လက်ပတ်တွေ ပတ်ထားကြတယ်၊ ဒါကြောင့် အဆိုပါလူကုန်ကူးဂိုဏ်းနဲ့ ဆက်စပ်မှုရှိ၊ မရှိကို တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

Source:  MGR Online /  Thairath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013