Home
မြန်မာသတင်း
ထန်းတပင်မြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်  ဆေးမှူး ၂ ဦး ကျဆုံး
DVB
·
March 13, 2025
photo:Free Burma Rangers

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ မီးလောင်ဗုံးနဲ့ တိုက်ခိုက်တာကြောင့် ဆေးမှူး ၂ ယောက် ထိမှန် ကျဆုံးခဲ့ရတယ်လို့ Free Burma Ranger အဖွဲ့က မတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မတ် ၈ ရက်က ထန်းတပင်မြို့နယ်ထဲက ကျေးရွာတွေမှာ ဆေးကုပေးနေတုန်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လာတာဖြစ်ပြီး ဆေးမှူးတယောက်ကတော့ နေရာမှာပဲ ကျဆုံးခဲ့ရပေမဲ့ အသက် ၂၅ နှစ်အရွယ် ဆေးမှူး နော်ဆေးမူးဖောက မီးလောင်ဒဏ်ရာတွေ ရခဲ့တာပါ။

အဲဒီနောက် မတ် ၁၀ ရက်နေ့မှာ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေကြောင့် ကျဆုံးကွယ်လွန်ခဲ့တယ်လို့ အဖွဲ့က ထုတ်ပြန်လာပါတယ်။ ပြီးတော့ နောက်ထပ် ဆေးမှူးတယောက်လည်း ဒဏ်ရာအပြင်းအထန် ရထားသေးတယ်လို့ ဆိုပါတယ်။

ထန်းတပင်ဒေသခံ နော်ဆေးမူးဖောဟာ Jungle School of Medicine Kawtholei သင်တန်းကို ၂၀၂၃ ခုနှစ်မှာ တက်ရောက်ခဲ့ပြီး Hu Mu Del ဆေးခန်းမှာ ဆေးမှူးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

နူးညံ့သိမ်မွေ့ပြီးကြင်နာတတ်တဲ့၊ ချောမောလှပသလို လူနာတွေကို သက်သာရာရအောင် ထူးထူးခြားခြားကုသနိုင်တဲ့ နော်ဆေးမူးဖောကျဆုံးသွားတာဟာ မိသားစုဝင်တယောက် ကွယ်လွန်သလိုပါပဲ လို့ Free Burma Ranger အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013