
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း နင်းမိပြီး ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်ကုတ်မြို့ စခက(၅) နားမှာ မတ် ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက်မှာ ဟင်းရှာသွားတဲ့ ပြည်သူ တယောက် စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း နင်းမိကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တာလို့ တောင်ကုတ်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူကတော့ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်က အသက် ၃၄ နှစ်အရွယ် ဦမောင်ဌေးဝင်းဖြစ်ပြီး ဦးစိုးနိုင်နဲ့အတူ ဟင်းရှာသွာတဲ့အချိန်မှာ စစ်ကောင်စီရဲ့ စစ်ကျန်မြေမြှုပ်မိုင်းကို နင်းမိပြီး ဘယ်ဘက်ခြေထောက်တဖက်ပြတ်ထွက်သွားကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။