
မြန်မာနိုင်ငံတဝန်း ကျင်းပဖို့ရှိနေတဲ့ အခြေခံပညာ တက္ကသိုလ်ဝင် ၁၂ တန်းစာမေးပွဲကာလမှာ လျှပ်စစ်မီး မှန်အောင်လုပ်ဖို့ စစ်ကောင်စီက ညွှန်ကြားပေမဲ့ မီးမှန်အောင်မပေးနိုင်ဘဲ မီးပိုပြတ်နေတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။
မတ် ၈ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် အစည်းအဝေးမှာ တက္ကသိုလ်စာမေးပွဲဖြေဆိုချိန် စာကျက်ချိန်ကာလတွေအတွင်း ဓာတ်အား စဉ်ဆက်မပြတ်ရရှိဖို့ လိုအပ်တာကြောင့် ပြင်ဆင်ဆောင်ရွက်ဖို့ စစ်ကောင်စီရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောဆိုခဲ့ပြီးနောက် ရန်ကုန်မှာ မီးပိုပျက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အင်းစိန်မြို့နယ်မှာ နေသူတယောက်က “စာမေးပွဲဖြေဖို့က ဘယ်လောက်မှ မလိုတော့ဘူး။ အခုချိန်က နေ့ရော၊ ညရော စာကျက်နေကြရတဲ့ အချိန်။ ဒါပေမဲ့ မီးက တနေကုန် ဖြတ်ထားတယ်။ ညနေ ၅ နာရီမှလာတယ်၊ ည ၉ နာရီကျ ပြန်ပျက်တယ်။ ည ၁ နာရီထိုးမှ မီးပြန်ပေးတယ်။ စာမေးပွဲကာလမှာ ညပိုင်းလေး မီးပိုရချင်တာပေါ့” လို့ ပြောပါတယ်။
၁၂ တန်း စာမေးပွဲကို မတ် ၁၇ ရက်မှာ စတင်ဖြေဆိုရတော့မှာဖြစ်ပြီး မီးပေးချိန်တွေဟာ ခရိုင်အလိုက် တူညီမှုမရှိဘဲ တချို့မြို့နယ်တွေမှာ တရက်ကို ၄ နာရီလောက်သာ မီးရရှိပြီး မီးရချိန်မှာလည်း မီးအားမပြည့်တာတွေကြောင့် စာကျက်ရာမှာ အခက်တွေ့နေကြတယ်လို့ ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။
ရွှေပေါက္ကံက ၁၂ တန်းကျောင်းသားတယောက်က “လာတဲ့အချိန်လည်း မီးအားက မှိတ်တုတ်မှိတ်တုတ်နဲ့ စာကျက်လို့ အဆင်မပြေပါဘူး။ ဘက်ထရီမီးသီးတွေကို နေ့ဘက်တွေမှာ မီးလာချိန် အားကြိုသွင်းထားရတယ်။ အဲဒီမီးသီးတွေကလည်း အများဆုံး ၂ နာရီလောက်ပဲခံတော့ ဖယောင်းတိုင်နဲ့ပဲ စာကျက်ရပါတယ်” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ တက္ကသိုလ်စာမေးပွဲတွေကို မတ် ၁၇ ရက်ကနေ ၂၂ ရက်အတွင်း ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ပြီး အခုနှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုဖို့ စာရင်းပေးထားသူ ၂ သိန်းကျော် ရှိနေပါတယ်။