Home
နိုင်ငံတကာ
“ဘာရာဇဝတ်မှုကို ငါ ကျူးလွန်ခဲ့လို့လဲ” ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး
DVB
·
March 12, 2025
Photo: REUTERS/Eloisa Lopez

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ တောင်းဆိုချက်အရ မတ် ၁၁ ရက်က ဖိလစ်ပိုင် လေတပ်စခန်း ဗီလယာမောရ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက သူ ဘာပြစ်မှုကို ကျူးလွန်ခဲ့လို့လဲ ဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။

သမီးဖြစ်သူ ဗရိုနီကာဒူတာတေးက အင်စတာဂရမ် လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ “ဥပဒေက ဘာလဲ၊ ငါ ကျူးလွန်တဲ့ပြစ်မှုက ဘာလဲ” လို့ ပြောနေတာဖြစ်ပြီး ဘယ်သူနဲ့ စကားပြောနေတယ်ဆိုတာ မသိရသေးပါဘူး။

ဒီကို ခေါ်လာခံရတာ သူ့စိတ် သူ့ဆန္ဒအရ မဟုတ်ဘဲ တခြားသူရဲ့ဆန္ဒအတိုင်း ဖြစ်ပြီးတော့ အခု လွတ်လပ်ခွင့် ဆုံးရှုံးရတာကို ဖြေရှင်းပေးရမယ်လို့ ပြောထားပါတယ်။

“ရုံးချိန်းရောက်တဲ့အခါ မင်းကို တရားလိုပြသက်သေအဖြစ် ခေါ်မှာဖြစ်ပြီး မင်းဟာ ငါ့ကို ဖမ်းတဲ့သူလို့ ပြောရမှာပဲ။ ဘာကြောင့်ဆိုတာကော သိလို့ရမလား။ အနည်းဆုံးတော့ ငါ့ကို လာဖမ်းတဲ့အချိန်မှာ အမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဖတ်ပြီးပြီလား၊ ဖတ်ဖူးသလား” လို့ ဒူတာတေးက သူ့ကို ဖမ်းဆီးလာသူကို မေးခွန်းထုတ် ပြောဆိုနေတာပါ။

“ဒါမှ မင်း သိထားသင့်တာတွေကို လမ်းညွှန်ပေးလို့ ရမယ်၊ ငါတို့ဟာ မိတ်ဆွေတွေဖြစ်ပြီး ငါလည်း အစိုးရကနေ လာတဲ့သူပဲ” လို့လည်း ဒူတာတေးက ဆိုပါတယ်။

သမ္မတဟောင်း ဒူတာတေး ခုလိုဖမ်းဆီးခံရတာဟာ သူ့ရဲ့ သမ္မတသက်တမ်းအတွင်း သွေးထွက်သံယို များပြားခဲ့တဲ့ “မူးယစ်ဆေးဝါးစစ်ပွဲ” ထဲမှာ လူပေါင်းထောင်ချီ သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် ကမ္ဘာ့အဖွဲ့အစည်းရဲ့ စုံစမ်းစစ်ဆေးမှုမှာ အဓိကခြေလှမ်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဦးဆောင်ခဲ့တဲ့ မြို့တော်ဝန်ဟောင်း ဒူတာတေးဟာ ဟောင်ကောင်မှ မနီလာလေဆိပ်ကို ရောက်ရှိလာချိန်မှာ ဝရမ်းထုတ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုအခါ ထိန်းသိမ်းခံထားရကြောင်း ဒူတာတေး နောက်မှ ဆက်ခံသူ ဖာဒီနန် မားကို့စ် ဂျူနီယာရဲ့ ရုံးခန်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013