Home
မြန်မာသတင်း
OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ
DVB
·
March 11, 2025

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို မတ် ၂၀ ရက်ကစပြီး ပြန်ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

စစ်ကောင်စီအနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး OWIC ကတ်ထုတ်ပေးတဲ့ လုပ်ငန်းစဥ်က ကြိုတင်အသိပေးတာမရှိဘဲ ရပ်နားခဲ့တာဖြစ်ပြီး မတ် ၁၀ ရက် နေ့စွဲနဲ့ ပြန်ထုတ်ပေးမယ့်အကြောင်း အသိပေးလာတာ ဖြစ်ပါတယ်။

လက်ရှိကာလအတွင်း ပြည်ပမှာ အလုပ်လုပ်ဖို့ ထွက်ခွာမယ့်သူတွေစာရင်း စိစစ်တာ၊ OWIC ကတ် ထုတ်ပေးတဲ့စက်တွေမှာ တပ်ဆင်ထားတဲ့ Software တွေ ပြုပြင်တာ၊ OWIC ကတ် ထုတ်ပေးရေးစင်တာတွေ တနေရာတည်း ပေါင်းစည်းတာ၊ အလုပ်ရှင်/အလုပ်သမား စာချုပ်ချုပ်တဲ့နေရာတွေ တစုတစည်းတည်းဖြစ်အောင် ပြင်ဆင်တာ စတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် OWIC ကတ် ထုတ်ပေးရေးလုပ်ငန်းစဥ်ကို ခေတ္တရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် OWIC ကတ်အသစ် ပြုလုပ်လိုသူတွေကို မတ် ၂၀ ရက်ကစပြီး အလုပ်သမားဝန်ကြီးဌာနဆီ တင်ပြထားတဲ့ အတည်ပြုပြီး အလုပ်ခေါ်စာတွေအရ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုချက်ရပြီးသူတွေဖြစ်စေ၊ မိမိအစီအစဥ် (ကျွမ်းကျင်) နဲ့ သွားရောက်မယ့်သူတွေဖြစ်စေ OWIC ကတ် ပြန်လည်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် OWIC ကတ် ထုတ်ယူရရှိမှပဲ လေယာဥ်လက်မှတ်ဝယ်ယူတာကို ဆောင်ရွက်ကြဖို့ ဆိုပြီးလည်း အသိပေးထားပါတယ်။

အလုပ်အကိုင်အမျိုးအစား (PJ) နိုင်ငံကူးလက်မှတ် ကိုင်​ဆောင်ထားသူတွေ အ​နေနဲ့ ပြည်ပကို သွားရောက်လုပ်ကိုင်မယ်ဆိုရင် OWIC ကတ်ရှိမှပဲ ပြည်တွင်းကနေ ထွက်ခွာခွင့်ရရှိတာ ဖြစ်ပါတယ်။

လက်ရှိမှာ အလုပ်စာချုပ်ချုပ်ဆိုပြီး OWIC ကတ် ထုတ်ယူဖို့ စောင့်ဆိုင်းနေတဲ့ အလုပ်သမား ၇၀,၀၀၀ နီးပါးရှိကာ သက်ဆိုင်ရာက အဲဒီကတ်ထုတ်ပေးတာကို ရပ်ဆိုင်းခဲ့တာကြောင့် လေယာဥ်လက်မှတ်ဖိုးရှုံးတာ၊ ဗီဇာနဲ့ နေထိုင်ခွင့်ကတ် သက်တမ်းကျော်လွန်သွားခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။

ဂျပန်နိုင်ငံကို သွားရောက်ဖို့ စောင့်ဆိုင်းနေသူတယောက်က “အခု OWIC ကတ် ပြန်ထုတ်ပေးမယ်ဆိုတော့ အသက်ရှူချောင်သွားတယ်။ စပိတ်ကတည်းကိုက အကျိုးသင့်၊ အကြောင်းသင့် အသိပေးခဲ့သင့်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်ပသွားရောက်မယ့် အလုပ်သမားတွေကို OWIC ကတ် ပြန်ထုတ်ပေးမယ်ဆိုပေမဲ့ ပြည်ပထွက်လုပ်ခွင့် ကန့်သတ်အသက်အပိုင်းအခြား​တွေ ဆက်ထား၊ မထားကိုတော့ ရှင်းလင်းစွာ ဖော်ပြထားတာ မရှိပါဘူး။

အခုလို OWIC ကတ် ထုတ်ပေးတဲ့လုပ်ငန်းစဥ် မရပ်နားခင်က အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို အဲဒီကတ်ထုတ်မပေးသလို ပြည်ပထွက်အလုပ်လုပ်ခွင့်ကိုလည်း တားဆီးခဲ့ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က “အမျိုးသား အသက် အကန့်အသတ်ကတော့ ဆက်ရှိမယ့်သဘောပဲ။ ကြားမှာတော့ မူဝါဒအပြောင်းအလဲ ထပ်ရှိနိုင်တယ်။ အခုက OWIC ပြန်ထုတ်ပေးမယ် ဆိုပေမဲ့ အရင်ထက်စာရင်တော့ ပိုတင်းကျပ်မယ့် အရိပ်အယောင်တွေ မြင်ရတယ်” လို့ ပြောပါတယ်။

ပြည်ပထွက် အလုပ်လုပ်မယ့်သူတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ အလုပ်သမား​ဝန်ကြီးဌာနရဲ့ အသိပေးချက် နောက်တခုမှာတော့ PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC ကတ် လက်ဝယ်ရှိထားသူတွေ အနေနဲ့ အေဂျင်စီအစီအစဥ်နဲ့ဖြစ်စေ၊ မိမိအစီအစဥ်(ကျွမ်းကျင်)နဲ့ဖြစ်စေ၊ ခွင့်ပြန်လာပြီး ခွင့်ရက်စေ့လို့ ပြန်လိုတာကြောင့်ဖြစ်စေ ပြည်ပနိုင်ငံတွေဆီ ထွက်ခွာမယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ အွန်လိုင်းက လျှောက်ထားကာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုချက်ရယူရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအလုပ်သမားတွေအနေနဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဆီ လိပ်မူထားတဲ့ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ခွင့်ပြုချက်လျှောက်ထားတဲ့စာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ သက်တမ်းရှိနေတဲ့ OWIC ကတ်မိတ္တူ၊ ခွင့်ပြန်အလုပ်သမားဆိုရင် သက်တမ်းကျန်ရှိနေတဲ့ အလုပ်လုပ်ခွင့်ပါမစ်မိတ္တူ၊ အလုပ်ရှင်ဆီကခွင့်စာ၊ အေဂျင်စီ​နဲ့ သွားရောက်မယ့်သူဆိုရင် သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေတဲ့ အီးမေးလ်တွေ တင်ပြဖို့နဲ့ မိမိအစီအစဥ်နဲ့ သွားရောက်မယ့်သူတွေ အနေနဲ့ သက်မှတ်အထောက်အထားတွေနဲ့အတူ ပေးပို့လျှောက်ထားဖို့နဲ့ အနည်းဆုံး ရုံးပိတ်ရက်မပါ ၅ ရက် ကြိုတင်လျှောက်ထားဖို့ကိုလည်း အသိပေးထားပါတယ်။

အဲဒီလျှောက်ထားတာတွေကို စိစစ်ပြီး ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုတဲ့ စာရင်းတွေကို safe migration telegram ကနေ ကြေညာပေးမှာဖြစ်သလို သက်ဆိုင်ရာ လေဆိပ်တွေဆီလည်း ပေးပို့ထားမှာဖြစ်ကြောင်းနဲ့ အဲဒီလုပ်ငန်းစဥ်တွေကို မတ် ၁၇ ရက်ကစပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013