Home
မြန်မာသတင်း
ပြည်ပကို အခြေခံလုပ်သားစေလွှတ်မှု ရပ်ဆိုင်းထားပြီး ရုရှားနိုင်ငံကိုသာ စေလွှတ်
DVB
·
March 10, 2025

စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးချစ်ဆွေကို အလုပ်သမားဝန်ကြီးသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလလယ်ကစလို့ ပြည်ပကို အခြေခံလုပ်သားတွေ စေလွှတ်မှု ရပ်ဆိုင်းထားပြီး ရုရှားနိုင်ငံကိုသာ အလုပ်သမားစေလွှတ်မှု ရှိနေပါတယ်။

ပြည်တွင်းမှာ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား (Oversea Worker Identification Card – OWIC) ထုတ်ပေးတာကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်ကာ ရုတ်တရက် ရပ်ဆိုင်းခဲ့တာကြောင့် ပြည်ပကို အလုပ်နဲ့ထွက်ဖို့ ပြင်ဆင်နေကြတဲ့ အလုပ်သမား သောင်းနဲ့ချီ ပြည်တွင်းကနေ ထွက်ခွာမရ ဖြစ်နေပါတယ်။

သံအမတ်ဟောင်း ဦးချစ်ဆွေကို စစ်ကောင်စီက အလုပ်သမား ဝန်ကြီးသစ်အဖြစ် ဇန်နဝါရီလကုန်ပိုင်းက ခန့်အပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြည်ပ အလုပ်သမားစေလွှတ်မှုအားလုံး သုံးသပ်ဖို့နဲ့ လုပ်ထုံးလုပ်နည်းတွေကို စိစစ်ဖို့ ဆိုကာ OWIC ကတ် ထုတ်ပေးတာတွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်ပကို အလုပ်နဲ့ထွက်ဖို့ ပြင်ဆင်ထားသူတွေ ခရီးစဉ်တွေ ပယ်ဖျက်လိုက်ရပြီး ထိုင်း အပါအဝင် စင်ကာပူ၊ မလေးရှား စတဲ့နိုင်ငံတွေကို အခြေခံ အလုပ်သမားတွေ ထွက်ခွာခွင့် မပြုဘူးလို့ ပြည်ပအလုပ်သမား ပို့ဆောင်တဲ့ အေဂျင်စီတွေဆီက သိရပါတယ်။

ပြည်ပအလုပ်အကိုင် ပို့ဆောင်သူတယောက်က “အဓိကတော့ ထိုင်းနိုင်ငံထွက်တဲ့သူတွေကို ရပ်တယ်။ ပြီးတော့ ပင်လုံခန်းမမှာ ရိုက်တဲ့ OWIC ကတ်တွေလည်း ပိတ်ထားတယ်။ နောက်ထပ်သွားမယ့် ကလေးတွေ၊ အသက်လွတ်တဲ့သူတွေလည်း အသက်လွတ်ပေမဲ့လည်း စာချုပ် ချုပ်မရသေးဘူး၊ အမိန့်မကျသေးဘူး၊ ချုပ်ဆိုခွင့်တွေ မပေးဘူး။ OWIC ကတ် သင်တန်းတွေလည်း မပေးသေးဘူး၊ ရပ်ဆိုင်းထားတယ်။ ဒီလကုန်လောက် ဖွင့်မယ်တော့ အသံတွေကြားတယ်။ ပြည်ပကတော့ စင်ကာပူကို မိန်းကလေးဆိုရင် နဂိုကတည်းက OWIC ကတ် ကြိုတင်လုပ်ထားပြီးသားဆိုရင် ထွက်လို့ ရတယ်” လို့ ပြောပါတယ်။

လက်ရှိ ဂျပန်နဲ့ ရုရှားနိုင်ငံကို ကျွမ်းကျင်အလုပ်သမားတွေနဲ့ လာအိုနိုင်ငံကို G to G စနစ်နဲ့သာ လုပ်သားတွေကို စိစစ်ပြီး ထွက်ခွာခွင့်ပြုကြောင်း၊ အခြေခံအလုပ်သမားတွေကိုတော့ စာချုပ်သစ် ချုပ်ဆိုတာ အပါအဝင် OWIC ကတ် ထုတ်ပေးတာ၊ ပြည်ပထွက်ခွာခွင့်အားလုံး ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

အခြေခံအလုပ်သမားတွေ ပြည်ပထွက်ခွာခွင့် ရပ်ဆိုင်းထားတာနဲ့ ပတ်သက်လို့ အလုပ်သမား ဝန်ကြီးဌာနဘက်က တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ထားတာ မရှိသေးကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။

ပြည်ပအလုပ်သမားစေလွှတ်တာ ရပ်ဆိုင်းထားပေမဲ့ ပြီးခဲ့တဲ့ မတ် ၅ ရက်ကတော့ မြန်မာလုပ်သား ၂၄ ယောက်ကို ရုရှားနိုင်ငံကို စေလွှတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတယောက်က “လုပ်ရမယ့် လုပ်ငန်းစဉ််တွေတော့ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ များသောအားဖြင့် ရုရှားက skilled worker အနေနဲ့ လွှတ်တာတွေတော့ ရှိတာပေါ့။ လက်ရှိအနေအထားကလည်း လုပ်ငန်းစဉ်တခုက လုပ်ဖို့က လိုပါသေးတယ်။ လောလောဆယ် ရုရှားဘာသာစကားရယ်၊ ကျန်းမာရေးက အရေးကြီးတယ်။ အအေးဒဏ် ခံနိုင်ပါ့မလားလည်း စဉ်းစားစေချင်တယ်။ ဟိုရောက်ပြီးမှ ပြန်လာရမယ်ဆိုရင် ဘာပဲပြောပြော Employer pay ဖြစ်တဲ့အတွက် လျော်ရမယ့်ကိစ္စတွေ ရှိလာနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မြန်မာလုပ်သားတွေကို ရုရှားနိုင်ငံဆီ စေလွှတ်ဖို့ MoU လက်မှတ်ရေးထိုးနိုင်ရေး၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ရုရှားကို အလုပ်သမားစေလွှတ်ဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ကြိုးစားနေတာဖြစ်ပြီး ရုရှားနိုင်ငံကတော့ စက်ရုံ၊ ကုန်ထုတ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လုပ်သားလိုအပ်ချက်တွေ ရှိနေပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013