Home
ရုပ်သံ
ရွေးကောက်ပွဲကို ဒီဇင်ဘာ (သို့) ဇန်နဝါရီ၌ ကျင်းပမည်၊ ရုရှားနှင့် ဘယ်လာရုစ် ကူညီမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
March 10, 2025
Photo: CINCDS

အထွေထွေရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာ၊ ဒါမှမဟုတ် လာမယ့်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့အကြောင်းနဲ့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကူညီမယ့်အကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ် ၃ ရက်မှ ၉ ရက်အထိ တပတ်ကြာ သွားရောက်ခဲ့ချိန်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တာ ဖြစ်ပါတယ်။

“၂၀၂၅ ဒီဇင်ဘာ ဒါမှမဟုတ် အစောဆုံး ၂၀၂၆ ဇန်နဝါရီမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ ၅၃ ခုက စာရင်းတင်သွင်းထားပြီးပါပြီ”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် မြန်မာမှာ ကျင်းပမယ့် ဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကိုယ်စားလှယ်တွေ ဖိတ်ခေါ်သွားမယ့်အကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ရွေးကောက်ပွဲကို ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကူညီမှုရရှိတဲ့အတွက် မိမိအစိုးရအတွက် အားဖြစ်စေတယ်လို့ စစ်ခေါင်းဆောင်က စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကို ပြောဆိုထားပါတယ်။

“ရွေးကောက်ပွဲအတွက်  ရုရှားသမ္မတကြီးကလည်း မြန်မာနိုင်ငံအတွက် ကူညီမယ်လို့ ပြောတယ်။ ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုကလည်း ကူညီပေးမယ်လို့ ပြောတယ်။ ဒါက ကျနော်တို့အတွက် ခွန်အားဖြစ်သလို တိုင်းပြည်အတွက်လည်း အားဖြစ်တယ်”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ထောက်ခံပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံအပြီး မြန်မာနိုင်ငံကို ပြန်ရောက်ချိန် နေပြည်တော်လေဆိပ်မှာ ဖေဖော်ဝါရီ ၉ ရက် ညနေက မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက မြန်မာကို ထောက်ခံပြီး ရွေးကောက်ပွဲအတွက် ကူညီပေးမယ်၊ ရွေးကောက်ပွဲသည် အစောဆုံး ဒီဇင်ဘာလ နောက်ဆုံးအပတ် နောက်ကျဆုံးက ဇန်နဝါရီ ဒုတိယပတ်လောက်မှာဖြစ်မယ်” ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပဖို့ ဖိအားပေးပြင်ဆင်နေပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်နိုင်ငံကလည်း ထောက်ခံထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ သိပ်မကြာခင်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့  မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်သလို မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ဦးစားပေးမလုပ်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြီး ပစ်ခတ် တိုက်ခိုက် အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက  တိုက်တွန်းထားပါတယ်။

တော်လှန်ရေးအင်အားစုတွေက မြို့နယ်ပေါင်း ၉၀ ကို သိမ်းပိုက်ထားပြီး တနိုင်ငံလုံးရဲ့ ဧရိယာ  ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားကာ မြန်မာတနိုင်ငံလုံးမှာ စစ်အုပ်စု အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာမှာ ၂၁ ရာခိုင်နှုန်းသာရှိတော့တာပါ။

ဒီအခြေအနေမှာ ပြည်သူလူထုကို လက်နက်နဲ့ ခြိမ်းခြောက် အဓမ္မမဲထည့်ခိုင်းမယ့်၊ မသမာတဲ့ နည်းလမ်းပေါင်းစုံနဲ့ မဲစာရင်းနဲ့ မဲရလဒ်တွေ လိမ်လည်လုပ်ဆောင်နိုင်မယ့် အခြေအနေ၊ ဂုဏ်သိက္ခာရှိတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ မဆောင်ရွက်နိုင်တဲ့ အခြေအနေတွေမှာ လုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အဓမ္မ လုပ်ကြံကျင်းပမယ့်  ဟန်ပြရွေးကောက်ပွဲသာ ဖြစ်လာမယ်လို့ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013