Home
မြန်မာသတင်း
၃ လကျော်ကြာ တိုက်ပွဲကြောင့် တနင်္သာရီ စစ်ဘေးရှောင်ထောင်ချီ စားနပ်ရိက္ခာပြတ်လပ်
DVB
·
March 9, 2025
REFUGEE

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ပြည်‌ထောင်စုကားလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတာ ၃ လကျော်ကြာပြီ ဖြစ်တာကြောင့်  စစ်ဘေးရှောင်နေရတဲ့ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုက ပြည်သူပေါင်း ၁၇၀၀ ကျော်မှာ အစားသောက်ချို့တဲ့ဒဏ် ခံစားနေရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေကြတယ်လို့ စစ်ဘေးရှောင်ကူညီနေတဲ့အဖွဲ့ဆီက သိရပါတယ်။

တနင်္သာရီ-မောတောင်ကားလမ်းပိုင်းတိုက်ပွဲကြောင့် ၃ လကျော်အကြာ ‌စစ်ရှောင်နေကြရတဲ့ သိန်ခွန်းကျေးရွာအုပ်စုက ပြည်သူ ၁၇ဝဝ ကျော်ဟာ ရိက္ခာတွေပြတ်လပ်လာကာ တောတောင်ထဲ ကြုံသလို့ စားသောက်နေထိုင်နေရတာကြောင့် ကာလဝမ်းရောဂါတွေ ကြုံတွေ့နေရတယ်လို့ နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“သူတို့ဘက်မှာ အမျိုးသမီးတွေ စိတ်ကျရောဂါတွေ ဝင်နေကြတယ်၊ စိတ်တွေ အဆင်မပြေကြဘူးလေ။ စားသောက်ရေး မဖူလုံဘူး၊ နေထိုင်ရ အဆင်မပြေတော့ဘူး။ ပြီးတော့ ရာသီဥတုက ပူလိုက်အေးလိုက်ဖြစ်နေတော့ ကာလဝမ်းရောဂါဖြစ်နေတယ်။ တောထဲမှာပဲ ဖြစ်သလို နေရတော့ နေထိုင်လို့ အဆင်မပြေတာတွေ၊ စားသောက်ရတာ အဆင်မပြေတာကြောင့်လည်း ပါမယ်ထင်တယ်၊ ဝမ်းရောဂါတွေ တော်တော်များများဖြစ်ကြတယ်။”

လက်ရှိ စစ်ကောင်စီဘက်က ထုံမခါ-မောတောင်ကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်ပြီး စစ်အင်အားတွေထပ်ဖြည့်ကာ နယ်မြေစိုးမိုးနိုင်အောင် လေကြောင်းပစ်ကူတွေနဲ့လည်း နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတာတယ်လို့ ကော်သူးလေအာမီ KTLA (ထီးဆဲ့မဲ့ရွာတပ်ရင်း) ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။

“စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေတုန်းပါ။ စစ်ကောင်စီဘက်က သိန်ခွန်းရွာကို ခြေကုပ်ယူပြီးတော့ နေရာယူထားတုန်းပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တော့ နေ့စဉ်ရက်ဆက်ဖြစ်နေတယ်။ အဓိကတော့ သိန်းခွန်းဘက်ကို ခြေကုပ်ယူထားတယ်။ ပြည်သူတွေကတော့ မရှိတော့ဘူး။ ရွာလုံးကျွတ်တိမ်းရှောင်ကုန်ပြီ။ သူတို့က ပြည်သူတွေရဲ့ နေအိမ်တွေမှာ ဝင်ရောက်နေရာယူပြီး အရှေ့ကိုနယ်မြေ တိုးချဲ့တာတွေ၊ ထိုးစစ်ဆင်တာတွေ ဆက်လက်ပြီး လုပ်ဆောင်နေတယ်။ ဒါပေမဲ့ သူတို့ ရှေ့ဆက်မတိုးနိုင်သေးဘူး။ ကျနော်တို့ဘက်ကနေ တန်ပြန်ပြီး တုံ့ပြန်နေမှုတွေ လုပ်နေချိန်မှာ သူတို့ ရှေ့ဆက်မတိုးနိင်သေးဘူး။ ကျနော်သုံးသပ်တာက သူတို့ပထမ ၁ လ၊ ၂ လ၊ ၃ လလောက် စမ်းမယ်။ ပထမ ၃ လစမ်းလို့ မအောင်မြင်ရင် နောက် ၃ လစမ်းမယ်။ သူတို့ရဲ့ရည်ရွယ်ချက်က မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကနေ မောတောင်ကို မရောက်မချင်း ရှေ့ဆက်တိုးမဲ့သဘောရှိတယ်။”

နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာကြောင့် စစ်ရှောင်တွေကို ထောက်ပံ့တဲ့အဖွဲ့တွေအနေနဲ့ စစ်ဘေးရှောင်နေရာတွေကို သွားတဲ့အခါ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးနိုင်သလို  တိုက်ပွဲကြားထဲ ပိတ်မိနိုင်တာကြောင့်  ရိက္ခာထောက်ပံ့မှုပေးနိုင်ဖို့က ခက်ခဲနေပြီး ရိက္ခာထောက်ပံ့ဖို့ အခက်အခဲဖြစ်ပါက စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း ရေရှည်မှာ အခက်အခဲ ကြုံတွေ့ရမယ်လို့ ပြောပါတယ်။

"တိုက်ပွဲ ရေရှည်ဖြစ်လာရင် သူတို့အတွက် လုံးဝအဆင်ပြေမှမဟုတ်ဘူး။ ဘာဖြစ်လို့ဆိုရင် တိုက်ပွဲဖြစ်တဲ့လမ်းကြောင်းမှာ  စစ်ရှောင်ထောက်ပံ့တဲ့အဖွဲ့တွေ သွားရင်တောင် စစ်ကြောင်းနဲ့ အချိန်မရွေး တိုးသွားနိုင်တယ်။ တိုက်ပွဲကြားရောက်သွားနိုင်တယ်။ အကယ်၍ စစ်‌ရှောင်ထောက်ပံ့တဲ့အဖွဲ့ မရောက်လာနိုင်ရင် စစ်ဘေးရှောင်တွေ ဒုက္ခဖြစ်သွားမှာပါ။ အခုဆို စစ်ဘေးရှောင်တွေက မျှော်လင့်ချက်ရှိနေမှာလေ၊ စစ်ရှောင်‌အတွက် ထောက်ပံ့တဲ့အဖွဲ့က တခါလာပြီးတော့ နောက်တခါထပ်လာမယ်ဆိုပြီး မျှော်လင့်နေမှာပဲ။ ဒါပေမဲ့ တိုက်ပွဲအခြေအနေကြောင့် အားငယ်စိတ်တွေ၊ စိတ်ဓာတ်ကျလာကြတာတွေနဲ့ ကျန်းမာရေးချို့ယွင်းတဲ့အဆင့် ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။”

ပြီးခဲ့တဲ့ ၃ လအတွင်းမှာ စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းခွဲထွက်ပြီး တနင်္သာရီမြို့နယ်ထဲက သိန်ခွန်း၊ ထုံမခါနဲ့ ‌ညောင်ပင်ကွင်းကျေးရွာတွေဘက် စစ်ကြောင်းထိုးပြီး ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၅၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် စစ်ရေးတင်းမာနေတဲ့ တနင်္သာရီမြို့နယ်အား စစ်ကောင်စီက အခုရက်ပိုင်းကစပြီး ရိက္ခာကားတွေ တင်ဆောင်ခွင့် မပြုတော့ဘဲ ဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေအတွက် ‌အခက်အခဲတွေ ကြုံလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013