Home
မြန်မာသတင်း
စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ရခိုင်သူဌေး၏ ပိုင်ဆိုင်မှုများနှင့် ငပလီက ဟိုတယ်အချို့ကို AA ချိပ်ပိတ်
DVB
·
March 11, 2025

ခေတ်အဆက်ဆက် စစ်တပ်နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က နာမည်ကြီး ရခိုင်သူဌေးကြီး ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေ အပါအဝင် ငပလီကမ်းခြေမှာရှိတဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဟိုတယ်တွေကို အာရက္ခတပ်တော် (AA) က ပြည်သူပိုင်ပစ္စည်းအဖြစ် ချိပ်ပိတ် သိမ်းဆည်းလိုက်တယ်လို့ AA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့က သူဌေးကြီး ဦးကျောက်တောင်ရဲ့ တောင်ကုတ်မြို့ရှိ နေအိမ်အပါအဝင် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းထားတာဖြစ်ပြီး ဦးကျောက်တောင်ဟာ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေနဲ့ ပူးပေါင်းကာ ရခိုင်ပြည်က သစ်လုပ်ငန်းတွေ အပါအဝင် တခြား ဆောက်လုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း မူပိုင်လုပ်ကိုင်ခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

တောင်ကုတ်မြို့ရှိ ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင် သိမ်းဆည်းထားတာ မှန်ကန်ပြီး ဦးကျောက်တောင်နဲ့ ဆက်နွှယ်မှုရှိတဲ့ တောင်ကုတ်မြို့ခံ သူဌေးတချို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ချိပ်ပိတ် သိမ်းဆည်းထားတာ ရှိတယ်လို့ AA နဲ့နီးစပ်တဲ့ တောင်ကုတ်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“တောင်ကုတ်မြို့က ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပြည်သူပိုင်သိမ်းဆည်းထားတာ ရှိတယ်။ တခြား စစ်ကောင်စီနဲ့နီးစပ်တဲ့ တောင်ကုတ်က စီးပွားရေးသမားတချို့ရဲ့ နေအိမ်တွေလည်း ပါတယ်။ နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တချို့လည်း ပါဝင်တယ်။”

အခုသိမ်းဆည်းခံရတဲ့ ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ဖိုး ရှိတယ်လို့ ဦးကျောက်တောင်က BBC မြန်မာပိုင်းမှာ ပြောကြားထားပြီး သူဟာ စစ်တပ်ထံက ဘယ်လုပ်ငန်းပါမစ်တခုကိုမှ တောင်းဆိုခဲ့တာ မရှိဘူးလို့ ပြောထားပါတယ်။

ဦးကျောက်တောင်မှာ တောင်ကုတ်မြို့ရှိ နေလသစ္စာကုမ္ပဏီ၊ ထာဝရအောင်မြေကုမ္ပဏီ၊ ဂုဏ်ဓန သင်္ဘောကျင်း၊ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးသင်္ဘောတွေနဲ့ သစ်လုပ်ငန်း အပါအဝင် တခြားစီးပွားရေးလုပ်ငန်းများစွာကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့မှာ ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံထားရတဲ့ နေအိမ်နဲ့ လုပ်ငန်းပေါင်း ၃၀ နီးပါးခန့် ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ခေါင်းဆောင်သား အပါအဝင် စစ်ကောင်စီနဲ့နီးစပ်တဲ့ ခရိုနီတွေ ပိုင်ဆိုင်တဲ့ ဟိုတယ် ၈ လုံးထက်မနည်းကိုလည်း သိမ်းဆည်း ချိပ်ပိတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“စစ်ခေါင်းဆောင်သား အောင်ပြည့်စုံပိုင်တဲ့ Amata ဟိုတယ် အပါအဝင် စစ်ကောင်စီနဲ့ နီးစပ်မှုရှိတဲ့ ခရိုနီတွေ ပိုင်ဆိုင်တဲ့ ဟိုတယ် ၈ လုံးကို AA က ချိပ်ပိတ်ထားတာရှိတယ်။ နောက်ထပ် နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို ပိုင်ရှင်တွေနဲ့ ဆွေးနွေးဖို့ရှိတယ်လို့ ကြားတယ်။ နောက် သံတွဲမြို့ပေါ်မှာလည်း စစ်ကောင်စီနဲ့ စပ်ဆက်မှုရှိတဲ့ အိမ်တချို့ကိုလည်း ချိပ်ပိတ်ထားတာရှိတယ်။”

ချိပ်ပိတ်ခံထားရတဲ့ ဟိုတယ်တွေကတော့ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Amata ဟိုတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားဖြစ်သူ ထွန်းနိုင်ရွှေ ပိုင်တဲ့ Thande Hotel ဟိုတယ်၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့သမီး ဒေါ်နန္ဒာအေး ပိုင်ဆိုင်တဲ့ Pristine Mermaid Ngapali၊ ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်တဲ့ Amazing ဟိုတယ်၊ ဦးချစ်ခိုင် ဦးဆောင်တဲ့ ဧဒင်ဟိုတယ်၊ ကမ္ဘောဇအုပ်စု ပိုင်ဆိုင်တဲ့ Jasmine ဟိုတယ်၊ ဦးတေဇရဲ့ Aureum Palace ဟိုတယ်၊ ပအိုဝ်း ပြည်သူ့စစ်ခေါင်းဆောင် ခရိုနီ ဦးနေဝင်းထွန်း ပိုင်တဲ့ Jade Marina Hotel တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာလည်း စစ်ကောင်စီ၊ မွတ်ဆလင် လက်နက်ကိုင်တွေနဲ့ ဆက်စပ်မှုရှိတဲ့ စီးပွားရေးသမားတွေရဲ့ နေအိမ် ၃၀ ထက်မနည်းကိုလည်း အာရက္ခတပ်တော်က ချိပ်ပိတ် သိမ်းဆည်းထားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တပြိုင်နက်တည်း ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013