Home
မြန်မာသတင်း
ပြည်ပဆန်တင်ပို့မှု ၂ လဆက်တိုက် ပြန်လျော့ကျ
DVB
·
March 10, 2025

မြန်မာနိုင်ငံရဲ့ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက ၂၀၂၅ ခုနှစ် ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ၂ လဆက်တိုက် ပြန်လျော့ကျလာပါတယ်။

နိုင်ငံတကာဈေးကွက်မှာ ဆန်ဝယ်ယူတင်သွင်းတဲ့ နိုင်ငံတွေရဲ့ ဝယ်လိုအား နည်းနေတာကြောင့် ပြည်တွင်းမှာလည်း ပြည်ပပို့ဆန်တွေ ဝယ်လိုအားနည်းပြီး ဈေးနှုန်းကျဆင်းနေတယ်လို့ ဆန်ဈေးကွက်အတွင်းက သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုဟာ ဇန်နဝါရီလက စလို့ သိသိသာသာ ပြန်ကျဆင်းလာတာဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း တင်ပို့မှုက ပြီးခဲ့တဲ့ ၉ လအတွင်း အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

ပြည်ပကို လအလိုက် ဆန်နဲ့ ဆန်ကွဲတင်ပို့မှု အနေနဲ့ အောက်တိုဘာလမှာ တန်ချိန် ၄ သိန်းကျော်ထိ အများဆုံး တင်ပို့နိုင်ခဲ့တာကို တွေ့ရပြီး အမေရိကန်ဒေါ်လာ ၁၈၉ သန်း ရရှိခဲ့ပါတယ်။

နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၃ သိန်းကျော်ထိ ရှိခဲ့ပြီး ဇန်နဝါရီလမှာ တန်ချိန် ၂ သိန်းကျော်နဲ့ ဖေဖော်ဝါရီလမှာ တန်ချိန် ၁ သိန်းကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။

ရာသီဥတုနဲ့ ဖျက်ပိုးကြာင့် စပါးအထွက်နှုန်း လျော့နည်းနေတဲ့ အခြေအနေနဲ့ ပြည်ပဈေးကွက်မှာ ဆန်ဝယ်လိုအား လျော့နည်းနေတဲ့ အခြေအနေတို့ကြောင့် တောင်သူတွေ စပါးဈေးမရ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာ တောင်သူတွေဟာ စိုက်ပျိုးစရိတ် မြင့်မားတာအပြင် လုံခြုံရေး အခြေအနေကြောင့် ကုန်သည်တွေက ဆင်းမဝယ်လို့ ရောင်းချရခက်ခဲတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရပါတယ်။

စစ်ကိုင်းတိုင်းက စပါးစိုက်တောင်သူတယောက်က “ရာသီဥတုမမှန် ပိုးကျလို့ အထွက်က လျော့ရတဲ့အထဲ ဒီနှစ်က ဈေးလည်းမရဘူး။ ဈေးမကောင်းတာကို ဝယ်မယ့်သူမရှိဘူး။ အရင်ကဆို စက်ကျကို အတင်းဝယ်ကြတာ။ အခုက ပွဲစားတွေလည်း ဆင်းမလာကြဘူး” လို့ ပြောပါတယ်။

အခုလို တောင်သူတွေရဲ့ စပါးဈေးတွေ ကျဆင်းနေပေမဲ့ ပြည်တွင်းစားဆန်စျေးတွေက မကျတာကြောင့် စားသုံးသူတွေကတော့ စျေးကြီးပေး ဝယ်စားနေရတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်။

ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့ရာမှာ ပင်လယ်ရေကြောင်းကသာ အဓိက တင်ပို့နေတာဖြစ်ပြီး စကစရဲ့ ပို့ကုန်ရငွေ မူဝါဒနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် နယ်စပ်ကနေ ဆန်တင်ပို့မှုက မရှိသလောက် ဖြစ်နေတာပါ။

အခုဘဏ္ဍာနှစ်မှာ မြန်မာ့ဆန်ကို အများဆုံး ဝယ်ယူတင်သွင်းတဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ တရုတ်နဲ့ ဘယ်ဂျီယံနိုင်ငံတို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိ ၂၀၂၅ ခုနှစ်မှာ ဆန်တန်ချိန် ၃ သန်းနီးပါး တင်ပို့ဖို့ လျာထားပြီး လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာတော့ ဆန်တန်ချိန် ၂ သန်းနီးပါး တင်ပို့ဖို့ လျာထားခဲ့ပေမဲ့ တန်ချိန် ၂ ဒသမ၇၆ သန်းအထိ ပိုမို တင်ပို့နိုင်ခဲ့လို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဝင်ငွေရခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013