Home
မြန်မာသတင်း
ပြည်ပဆန်တင်ပို့မှု ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန် ၈ သိန်းပိုမို
DVB
·
December 5, 2024

မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေဆီကို ဆန်တင်ပို့မှု ကာလတူထက် တန်ချိန် ၈ သိန်း ပိုမိုတင်ပို့ထားပြီး ပြည်တွင်းစားသုံးမှု မထိခိုက်နိုင်ကြောင်း ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် အတွက် စုစုပေါင်းဆန်တန်ချိန် ၁ ဒသမ၃ သန်း ပြည်ပကို တင်ပို့ထားပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူမှာ တင်ပို့ထားတဲ့ ပမာဏထက် တန်ချိန် ၈ သိန်းကျော် ပိုမိုတင်ပို့ထားတာလို့ ဆိုပါတယ်။ 

ဒီလိုတင်ပို့ထားပေမဲ့ ပြည်တွင်းစားသုံးမှုကို မထိခိုက်ကြောင်း အာမခံတယ်လို့ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ပိုလျှံမှုကို ခန့်မှန်းတဲ့အခါမှာ တချို့ခန့်မှန်းတဲ့သူတွေက တန်ချိန် ၅ သန်းလောက် ခန့်မှန်းတယ်။ ကျနော်တို့အနေနဲ့ ပိုလျှံမှုကို တန်ချိန် ၃ သန်းလောက်ခန့်မှန်းတယ်။ ၃ သန်းမှာမှ ၂  ဒသမ ၅ သန်းလောက် ပို့ပါတယ်။ ဒီလိုပို့တဲ့အခါမှာလည်း တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆောင်ရွက်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကိုတော့ ကျနော်တို့ဘက်ကတော့ ရဲရဲကြီးအာမခံတယ်။ ကျနော်တို့ လစဉ်တင်ပို့တဲ့ ပမာဏသည် ပြည်တွင်းစားသုံးမှုပေါ်မှာ ဘယ်လိုမှ မထိခိုက်နိုင်ပါဘူး။”

ပြည်တွင်းဆန်လက်ကျန်နဲ့ သိုလှောင်ဈေးကစားတာတွေ မဖြစ်အောင် ဆန်စပါးသိုလှောင်တဲ့ လုပ်ငန်းရှင်တွေကို စာရင်းဇယားတွေ ပေးပို့ပေးဖို့လည်း အကြောင်းကြားခဲ့ပါတယ်။

လတ်တလော ဆန်တင်ပို့မှုက အဲ့ဒီကရတဲ့ ပိုလျှံဆန်ပမာဏ သတင်းအချက်လက်တွေကြောင့် မဟုတ်ဘဲ အရင်လိုပဲ ခန့်မှန်းတွက်ချက်ပြီး တင်ပို့နေတာလို့ ဆန်စပါး အသင်းချုပ်နဲ့နီးစပ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မိုးကြီးပြီး မြေပြိုမှုတွေကြောင့် စိုက်ပျိုးမြေဧက ၈ သန်းကျော် ရေလွှမ်းနစ်မြှုပ်ခဲ့ရာမှာ စပါးစိုက်ဧကတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီကာလကနေ နိုဝင်ဘာလအထိ စပါးရိတ်ချိန်မှာ ဖျက်မိုး ရွာသွန်းခဲ့တဲ့အတွက် စပါးအထွက်လျော့တာ၊ အရည်အသွေး ကျဆင်းတာတွေ ဖြစ်နေပြီး ပြည်တွင်းဆန်စပါး ထုတ်လုပ်မှုကို ကျဆင်းစေမယ်လို့ ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူတွေက သုံးသပ်ကြပါတယ်။

လာမယ့်နှစ်အတွက် ဆန်စပါးအထွက်နှုန်း သိသိသာသာကျဆင်းနိုင်တဲ့ကာလမှာ လက်ရှိ ဆန်တင်ပို့မှုက မနှစ်က ကာလတူထက် တန်ချိန် ၈ သိန်းတင်ပို့နေတာက စိုးရိမ်စရာရှိလာပါတယ်။ 

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းဆန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆၄၇ သန်းရရှိ ထားပြီး နိုင်ငံခြားငွေရရှိဖို့က နိုင်ငံရေးပေါ်လစီဖြစ်တယ်လို့ စစ်ကောင်စီအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“မပို့လို့တော့ မရဘူးလေ။ မပို့လည်း နိုင်ငံတော်က ဘာနဲ့သွားလုပ်မလဲ။ မပို့ရင် ဒေါ်လာမရဘူးလေ။ ဒေါ်လာမရရင် ဘာနဲ့သွားလည်ပတ်မတုန်း။ အဲ့ဒါလည်းနိုင်ငံရေးပေါ်လစီ။ ပြည်တွင်းဖူလုံအောင်လည်း ထားရဦးမယ်။ တစ်အချက် ပြည်တွင်းဖူလုံအောင် ဖယ်တယ်၊ ဖယ်ပြီးမှ နိုင်ငံခြားပို့တဲ့ဟာက ပို့တယ်။”

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွက် မူလခန့်မှန်းထားတဲ့ ဆန်တန်ချိန် ၂ ဒသမ ၃ သန်းကနေ ၂  သန်းခွဲအထိ တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပြီး လေးလသာကျန်ရှိတော့တဲ့ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ပတင်ပို့နိုင်မယ့် ခန့်မှန်း ဆန်တန်ချိန်ကိုတော့ ဆန်စပါးအသင်းချုပ်က ခန့်မှန်းနိုင်တာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013