Home
မြန်မာသတင်း
ဂွမြို့နယ်၌ စစ်တပ် ဗုံးကြဲသဖြင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ
DVB
·
March 10, 2025

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ မတ် ၁၀ ရက် မနက်က စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ အထက်ဘဝင်ကျေးရွာကို မတ် ၁၀ ရက် မနက် ၁ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဂွမြို့ခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ် ဦးအောင်သိန်းထွန်းဟာ ဗုံးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးအောင်သိန်းထွန်းရဲ့ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ဖြိုးဝေစိုးနဲ့ သမီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မမေသဇင်တို့မှာလည်း ဗုံးစထိမှန်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ နီးစပ်ရာဆေးရုံတခုမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။

ဂွမြို့ခံက “စစ်ကောင်စီဘက်က ဘဝင်ကျေးရွာမှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေရှိတယ်လို့ ထင်ပြီး ညအချိန်မတော် အလစ်အငိုက် လာရောက်ဗုံးကြဲတာဗျ။ ခုတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024