
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ မတ် ၈ ရက် ညနေ ၅ နာရီကျော်လောက်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတဲ့အတွက် စက်သုံးဆီအရောင်းဆိုင် တဆိုင် အပါအဝင် လူနေအိမ်တချို့ ပျက်စီးသွားခဲ့တယ်လို့ Tigyaing Revolution-TR (TR Team) ဆီကနေ သိရပါတယ်။
TR Team ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကျနော်တို့ ထီးချိုင့်မြို့နယ်ထဲက ကွင်းကြီးလမ်းဆုံကို အဲဒီနေ့ညနေပိုင်းတုန်းက မိနစ်ပိုင်းလေးပဲ ခြားပြီး ဗုံး ၂ လုံး ကြဲသွားခဲ့တာပါ။ တလုံးက ကွင်းကြီးလမ်းဆုံကျလို့ ဆီဆိုင်တဆိုင် မီးလောင်တာ ကုန်ရော။ အိမ်တွေကတော့ ဗုံးဒဏ်ကြောင့်မို့ ပျက်စီးကုန်တာပါ။ နောက်တလုံးက ကွင်းကြီးနဲ့ ပေါက်ကုန်းရွာကြားမှာရှိတဲ့ စိုက်ပျိုးရေးစင်တာနားက လယ်ကွင်းထဲကျလို့ ထိခိုက်ပျက်စီးတာ မရှိခဲ့ပါဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကွင်းကြီးလမ်းဆုံဝန်းကျင်မှာရှိနေတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူပိုင်ကျွဲ ၃ ကောင်လည်း သေဆုံးခဲ့ရပြီး စက်သုံးဆီအရောင်းဆိုင် တဆိုင်နဲ့ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က နောက်ထပ်ဗုံးကြဲတိုက်ခိုက်မှာစိုးရိမ်ကြတဲ့အတွက် ကွင်းကြီးလမ်းဆုံအနီးက အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ကွင်းကြီးကျေးရွာက ရွာခံပြည်သူတွေဟာ နေရပ်စွန့်ခွာ နေကြ ပါတယ်။
စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “စစ်ကိုင်းထဲမှာက မြေပြင်အနေအထားအရ PDF စိုးမိုးနယ်မြေ အမြောက်အမြား ရရှိထားတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကို ကျနော်တို့တိုင်းထဲမှာတင် မဟုတ်ဘူး။ တခြားပြည်နယ်နဲ့ တိုင်းတွေက တော်လှန်ရေးအဖွဲ့အစည်းတွေလည်း မကာကွယ်နိုင်ကြသေးဘူး။ ဘယ်ကမှလည်း လေကြောင်းရန် ကာကွယ်ဖို့ လက်နက်ပစ္စည်းနဲ့ ဘတ်ဂျက်ချပေးတာမရှိဘူး။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကလည်း ပြည်သူတွေကို လေကြောင်းရန်အန္တရာယ် သတိထားကြဖို့ပဲ တိုက်တွန်းနိုင်တယ်။ ဒလန်သတင်းပေး ဆိုတာလည်း ကိုယ့်ဘက်ကော သူ့ဘက်ကော ရှိတယ်ဆိုတာ သတိချပ်စေချင်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို မြေပြင်စစ်ကြောင်းကရော လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ပါ မကြာခဏပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ သတိထားနေ ထိုင်ကြဖို့ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။