Home
မြန်မာသတင်း
အုတ်ဖိုမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ အမျိုးသမီးများထံက နားကပ်နှင့် ဆွဲကြိုးများ အဓမ္မဖြုတ်ယူ
DVB
·
March 10, 2025
Photo: စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲက လူနေအိမ်တွေကို စစ်ကောင်စီတပ်က မတ် ၉ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဝင်ရောက်မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အုတ်ဖိုမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့ဝင်တယောက်က “သပြေစန်းရွာကို ပေါ်တာဆွဲဖို့ စစ်ကြောင်းဝင်လာတာကို ရွာခံယောက်ျားလေးတွေ ထွက်ပြေးကြတာ တရွာလုံးပဲတဲ့။ အသက်ကြီးတဲ့သူနဲ့ အမျိုးသမီးတွေပဲ ကျန်နေခဲ့ကြတာကို စစ်သားတွေက သူတို့ လိုချင်တာတွေယူပြီး အဲဒီရွာကအိမ်တွေကို မီးရှို့ကြတာလို့ သိရတယ်ဗျ။ အမျိုးသမီးတွေ ဝတ်ထားတဲ့ နားကပ် ဆွဲကြိုးကအစ ဖြုတ်ယူခိုင်းတာတဲ့ဗျာ။ တွေ့သမျှ ဆိုင်ကယ်တွေကတော့ အကုန်ယူထားတယ်တဲ့ဗျ။ ဆိုးချက်ကတော့ လွန်လွန်းပါ့” လို့ ပြောပါတယ်။

မတ် ၁၀ ရက်မနက်ပိုင်းအထိ စစ်ကောင်စီတပ်ဟာ သပြေစန်းရွာနဲ့ အနီးဝန်ကျင်က ရွာတွေကိုပါ တပ်ဖြန့်ချထားတဲ့အတွက် ထွက်ပြေးကြတဲ့ လူငယ်တွေ ရွာထဲ ပြန်မဝင်ရဲကြသေးသလို သပြေစန်းရွာက လူနေအိမ် ၁၀ လုံးကျော်လည်း မီးလောင်ပျက်စီးထားတယ်လို့ ဆိုပါတယ်။

ပဲခူးခရိုင် ပကဖ တာဝန်ခံက “ပြီးခဲ့တဲ့ရက်ပိုင်းက သာလိကာရွာ ကလူငယ်တွေကို တပ်သားသစ် စုဆောင်းပေးပေးနေတဲ့ အုပ်ချုပ်ရေးမှူး မြင့်ဦး အပစ်ခံလိုက်ရလို့ သေတာကို မကျေနပ်လို့ သူတို့ဘက်က အုပ်စုဖွဲ့ပြီး ပေါ်တာဆွဲဖို့ အဲဒီနားကရွာတွေကို ဝင်လာတာ။ သူတို့စစ်ကြောင်းကို မျက်ခြည်မပြတ်တော့ စောင့်ကြည့်နေတယ်။ သူတို့အင်အား ၁၀၀ ကျော်လောက်တော့ ပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၉ ရက် မနက်ကစတင်ပြီး အုတ်ဖိုမြို့နယ်ထဲက သပြေစန်း၊ သာလိကာ၊ ဒေါင်းကြီး၊ ဒေါင်းလေး၊ ဂွေးချောင်းကြီး၊ အညာတန်းနဲ့ ချောင်းဂွကျေးရွာတွေက လူငယ်တွေကို ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့အတွက် ရွာခံလူငယ်တွေ အားလုံး  ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီတပ်က ဒီကနေ့ မတ် ၁၀ ရက်အထိ အဆိုပါ​ကျေးရွာတွေမှာ တပ်ဖြန့်ကာ ဝင်ရောက်တပ်စွဲနေတဲ့အတွက် ထွက်ပြေးနေကြတဲ့ ရွာခံလူငယ်တွေ ကျေးရွာတွေအတွင်းကို ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Photo: ပုံဟောင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013