
ထိုင်းအစိုးရဟာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနေ ပြန်လွတ်လာပြီး ထိုင်း-မြန်မာနယ်စပ်မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့နိုင်ရေး ကူညီပေးကြဖို့ သက်ဆိုင်ရာ နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြိုနယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ကယ်တင်ထားတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ပေးရေးမှာ နှောင့်နှေးမှုတွေရှိနေပြီးနောက်မှာ ထိုင်းအစိုးရက ခုလို တိုက်တွန်းဆော်ဩလိုက်တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိကွန်ဒတ် ဖလန်ကူးရ်က “ထိုင်းအစိုးရဟာ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေဆီမှ ပံ့ပိုးကူညီမှုတွေကို ရှာဖွေလက်ခံနေချိန်မှာပဲ လက်ခံပေးမဲ့ အစိုးရတွေ အနေနဲ့လည်း သူတို့နိုင်ငံသားတွေကို ပံ့ပိုးကူညီမှုတွေ လုပ်ပေးဖို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။
သံရုံးမရှိတဲ့ နိုင်ငံတွေအတွက် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အသိအမှတ်ပြု သံရုံး သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ မြို့တော်နဲ့ တိုက်ရိုက်ဆက်သွယ်နေကြောင်း အခုအချိန်မှာ အကန့်အသတ်တွေ အများကြီးရှိနေတာကြောင့် သူတို့ကို တတ်နိုင်သမျှ အကောင်းဆုံး ကူညီပေးနိုင်မယ့် နည်းလမ်းကို ရှာတွေ့မယ်လို့ ယုံကြည်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မြဝတီမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသားတွေထဲမှာ ဖျားနာသူတွေ ရှိနေတာကိုလည်း သိထားပြီး ဒါကို အတော်အလေးထားပါကြောင်း၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ လိုအပ်သူတွေကို ထိုင်းဘက်ခြမ်းကို တတ်နိုင်သမျှ စောစောပြန်ပို့ဖို့ လိုအပ်ပြီး သူတို့အတွက် ဆေးဘက်ဆိုင်ရာ အထောက်အကူတွေ ပေးနိုင်အောင်လည်း လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့နယ်ရှိ တရားမဝင် ငွေလိမ်လုပ်ငန်းလုပ်တဲ့ ခြံဝင်းပေါင်းများစွာကို နိုင်ငံပေါင်းစုံ အဖွဲ့တွေ ဖြိုခွင်းခဲ့အပြီးမှာ ငွေလိမ်စခန်းတွေကနေ ဆွဲထုတ်ကယ်တင်ထားသူ လူပေါင်း ၇၀၀၀ လောက်ကို ကရင်လက်နက်ကိုင်အဖွဲ့တွေက ထိန်းသိမ်းစောင့်ရှောက်ထား ပါတယ်။
တရုတ်နဲ့ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေကတော့ ထိုင်းအာဏာပိုင်တွေရဲ့အကူအညီနဲ့ မြဝတီမြို့မှ ခေါ်ထုတ်ခဲ့တဲ့ သူတို့ရဲ့နိုင်ငံသားတချို့ကို ပြန်ပို့နိုင်ခဲ့ပေမဲ့ ထိုင်းနိုင်ငံမှာ သံရုံးမရှိတဲ့ အာဖရိကနိုင်ငံတွေက လူတွေအပါအဝင် ထောင်နဲ့ချီတဲ့ လူတွေဟာ မြန်မာဘက်မှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
Source:Reuters