Home
နိုင်ငံတကာ
အိမ်ဖြူတော်သို့ ဇလန်းစကီးနှင့် အဖော်လိုက်ပေးရန် မက်ခရွန်နှင့် စတာမာ စဉ်းစားနေ
DVB
·
March 6, 2025
Photo: JUSTIN TALLIS/Pool via REUTERS

နောက်တခါ အိမ်ဖြူတော်ခရီးစဉ်ကျရင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့အတူ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် တို့ပါ အဖော်လိုက်သွားဖို့ စဉ်းစားနေတယ်လို့ တယ်လီဂရပ်ဖ် သတင်းစာက ဖော်ပြပါတယ်။

အမေရိကန်နဲ့ ယူကရိန်းသမ္မတအကြား ဆက်ဆံရေး ပြန်အဖတ်ဆယ်ဖို့အတွက် ဥရောပခေါင်းဆောင်တွေက ကြိုးစားနေကြတာ ဖြစ်ပါတယ်။

“သမ္မတ ဇလန်းစကီး၊ ဗြိတိန်ဝန်ကြီးချုပ်တို့နဲ့အတူ သမ္မတ မက်ခရွန်ပါ ဝါရှင်တန်ကို လိုက်ပို့ဖို့ အလားအလာကို ကျနော်တို့ စဉ်းစားနေပါတယ်” လို့ ပြင်သစ် အဲလီဆေးနန်းတော် ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပါတယ်။

ပြင်သစ်သမ္မတသာမက အစိုးရတဖွဲ့လုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်နေပါတယ်လို့ပါ ထုတ်ပြန်ပါတယ်။ 

လက်ရှိမှာတော့ သွားဖို့ စီစဉ်ထားတာ မရှိဘူးလို့ သမ္မတရုံးက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး ဗြိတိန်အစိုးရဘက်ကလည်း ခရီးစဉ် စီစဉ်နေပြီ ဆိုတာမျိုးကို ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ စဉ်းစားဆဲ အဆင့်လို့ပဲ ဗြိတိန် တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စီစဉ်ပြီးတော့ စားပွဲဝိုင်းပေါ်မှာ ယုံကြည်မှုတည်ဆောက်နိုင်မယ်ဆိုရင် ယူကရိန်းအပေါ် အကူအညီတွေ ပြန်ပေးဖို့ ထရမ့်ပ်က စဉ်းစားမယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ်က ပြောထားပါတယ်။

သံတမန်ရေးသတင်းရင်းမြစ်တွေကတော့ အခုအခါမှာ ဇလန်းစကီးဘက်က သယံဇာတ သဘောတူညီချက်ထက် ပိုပြီး ကမ်းလှမ်းမှ ရတော့မယ်လို့ ထရမ့်ပ်ဘက်က ယူဆထားတယ်လို့ ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတတို့ဟာ ဥရောပတပ်ပေါင်းစုဖွဲ့ပြီး ယူကရိန်းငြိမ်းချမ်းရေး အာမခံပေးဖို့အချက်ပါ ပါဝင်တဲ့ အစီအစဉ်တရပ်ကို ရေးဆွဲပြီး သမ္မတ ထရမ့်ပ်ကို တင်ပြသွားဖို့ စီစဉ်ထားကြပါတယ်။

ဇလန်းစကီးကလည်း ယူကရိန်းဘက်က ညှိနှိုင်းရေးစားပွဲဝိုင်းပေါ်လာဖို့ အသင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013