Home
နိုင်ငံတကာ
ပနားမားတူးမြောင်းက ဆိပ်ကမ်း ၂ ခုကို အမေရိကန်ကုမ္ပဏီ ဝယ်ယူ
DVB
·
March 5, 2025
Photo ; Reuters

CK Hutchison ဟောင်ကောင်ကုမ္ပဏီဟာ ပနားမားတူးမြောင်းပေါ်က အရေးပါတဲ့ ဆိပ်ကမ်း ၂ ခုကို အမေရိကန် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစု BlackRock ဆီ ရောင်းချဖို့အတွက် သဘောတူလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်ရဲ့ ထိန်းချုပ်မှုအောက် တူးမြောင်းရောက်နေပြီး သင်္ဘောလမ်းကြောင်းကို ပြန်လည်ရယူသင့်ကြောင်း ပြောဆိုချက်တွေအပြီးမှာ အရောင်းအဝယ် ဖြစ်လာခဲ့တာပါ။

ဟောင်ကောင်ဘီလီယံနာ လီကာရှင်း တည်ထောင်ခဲ့တဲ့ ကုမ္ပဏီက ဒေါ်လာ ၂၂ ဒသမ ၈ ဘီလီယံ တန်ကြေးရှိတဲ့ အစုရှယ်ယာအများစုကို ရောင်းချသွားမယ်ဆိုပြီး ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အတည်ပြုပါတယ်။

အဲဒီသဘောတူညီချက်အရ ပနားမားအစိုးရဆီက ခွင့်ပြုချက်လိုအပ်တဲ့ ဆိပ်ကမ်း ၂ ခု အပါအဝင် ကမ္ဘာ့ ၂၃ နိုင်ငံမှာရှိတဲ့ ဆိပ်ကမ်းပေါင်း ၄၃ ခုရဲ့ လုပ်ပိုင်ခွင့်ကို လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

CK Hutchison ရဲ့ ကုမ္ပဏီခွဲတခုဟာ ပစိဖိတ်နဲ့ အတ္တလန္တိတ် သမုဒ္ဒရာမှာရှိတဲ့ ပနားမားတူးမြောင်း ဝင်ပေါက်နေရာက ဆိပ်ကမ်းတွေကို စီမံနေတာ ဖြစ်ပါတယ်။

၁၉၉၇ ကတည်းက အဲဒီဆိပ်ကမ်းတွေကို ထိန်းချုပ်ထားတဲ့ CK Hutchison ဟာ တရုတ်အစိုးရပိုင်ကုမ္ပဏီ မဟုတ်ပေမဲ့လည်း ပြည်မကြီးရဲ့ ဘဏ္ဍာရေးဥပဒေအတိုင်း လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

ဗဟိုအမေရိကနိုင်ငံ ပနားမားမှာရှိတဲ့ တူးမြောင်းကတော့ သမုဒ္ဒရာကြီးနှစ်ခုကို ခရီးလမ်းတိုအောင် ဖောက်လုပ်ပေးထားတဲ့ အဓိကလမ်းကြောင်းဖြစ်ပြီး ၅၁ မိုင်အထိ ရှည်လျားပါတယ်။

နှစ်စဉ် သင်္ဘောအစီးရေ ၁၄,၀၀၀ လောက်ဟာ ဒေါ်လာ ၆ သောင်းကနေ ၃ သိန်းအထိ အခကြေးငွေပေးကာ ပနားမားတူးမြောင်းကို ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ကား၊ သဘာဝဓာတ်ငွေ့နဲ့ အခြားကုန်စည်တွေပါ တင်ဆောင်နိုင်တဲ့ ကုန်တင်သင်္ဘောတွေနဲ့အတူ စစ်ဘက်ရေယာဉ်တွေအထိ ပါဝင်ပါတယ်။

၁၉၀၀ ပြည့်နှစ် အစောပိုင်းကာလမှာ ပနားမားတူးမြောင်းကို တည်ဆောက်ခဲ့ပြီးနောက် ၁၉၇၇ မတိုင်အထိ အမေရိကန်က ထိန်းချုပ်ထားခဲ့ပါတယ်။

အဲဒီနောက် သဘောတူစာချုပ်တွေအရ ပူးတွဲပိုင်ဆိုင်တဲ့ ကာလတခုအပြီး ၁၉၉၉ ခုနှစ်မှာတော့ ပနားမားနိုင်ငံက အလုံးစုံထိန်းချုပ်ခွင့်ကို ရရှိခဲ့ပါတယ်။

BlackRock ဟာလည်း ကမ္ဘာ့အကြီးမားဆုံး ပိုင်ဆိုင်မှုခန့်ခွဲရေး ကုမ္ပဏီတွေထဲမှာ ပါ၀င်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013